◼ ပုလဲမှာလည်း လေယာဥ်နဲ့ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေဆုံး
မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းက ရွာခံအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပုလဲမြို့နယ်မှာလည်း လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘုတလင်မြို့မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်အင်အား ၉၀ ခန့်ဟာ စက်တင်ဘာလ ၄ ရက် ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ ဘုတလင်-ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာပြီးနောက် ရှမ်းတဲရွာကို စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်လာကာ အမျိုးသမီး ၂ ဦးကို သေနတ်နဲ့ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။
” ရှမ်းတဲရွာက အမျိုးသမီး ၂ ဦးက **တွေပြန်ထွက်ပြီဆိုပြီး ရွာထဲပြန်ဝင်တဲ့အချိန်သတ်ခံရတာ။ ၁ ယောက်က ၄ လသားရဲ့မိခင်၊ ကလေးတော့မမှန်ပဲ အသက်ရှင်ကျန်ရစ်တယ်” လို့ ဘုတလင်ရပ်ကျေးပအဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူတွေမှာ ရှမ်းတဲရွာနေ အသက် ၄၀ အရွယ် မဖြူနဲ့ အသက် ၃၀ အရွယ် မအေးသီတို့ဖြစ်ပြီး မအေးသီမှာ သားဖြစ်သူ ၄ လသားလေးကို ပွေ့ချီထားရင်း ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းတွေဟာ တက်လှိုင်းရွာလမ်းခွဲအနီး မြေပဲခင်းတွေမှာ မြေပဲနှုတ်နေတဲ့ မြောက်ကျည်ရွာခံ ၁၅ ဦးကိုဖမ်းဆီးသွားခဲ့ပြီး ညနေ ၅ နာရီခန့် ဘုတလင်မြို့တွင်းပြန်လည်ဝင်ရောက်ချိန်မှာ ၁၄ ဦးကို ပြန်လွှတ်ပေးခဲ့ကာ အသက် ၃၅ နှစ်ဝန်းကျင် ကိုဖိုးဇေ ကို ဆက်လက်ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့လယ် ၁ နာရီခန့်မှာ စစ်ကော်မရှင်တိုက်လေယာဥ်က ဗုံး ၂ လုံးကြဲချခဲ့ရာ တနယ်ကျေးရွာအနောက်တောင်ဘက်ရှိ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အမျိုးသမီးမှာ ဗုံးစထိမှန်ကာ ခါးပြတ်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
တနယ်ကျေးရွာဟာ အိမ်ခြေ ၁,၈၀၀ ခန့်ရှိ ကျေးရွာကြီးတရွာဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းမှာလည်း ကျေးရွာအနောက်မြောက်ဘက်ဘုန်းကြီးကျောင်းပေါ်ကို လေယာဥ်နဲ့ဗုံးကြဲခံခဲ့ရပြီး အဲ့ဒီဗုံးကြဲခံရမှုမှာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
1 comment
rhdishxvjzkzmpznsxkdgoqlxuyrqp