စိုက်ဘဏ်ချေးငွေ မဆပ်သူကို အရေးယူပြီး ပုံစံ ၇ ကို လေလံတင်ရောင်းမယ်လို့ ခြိမ်းခြောက်

0 6
0 6

ဝေါ၊ မတ် ၂၂၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းက တောင်သူတွေကို စိုက်ဘဏ်ချေးငွေ လာမဆပ်ပါက လူကိုအရေးယူမယ့်အပြင် ပုံစံ ၇ ကို လေလံတင်ရောင်းချမယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၁ ရက်နေ့ကို နောက်ဆုံးထားပြီး ကြွေးကျန်ငွေများ အကြေလာရောက်ဆပ်ကြဖို့နဲ့ လာမဆပ်ပါက လယ်ယာမြေနည်းဥပဒေ (၄၉)၊ (၅၀)အရ အမည်ပေါက်ပုံစံ ၇ ကို လေလံတင်ရောင်းချမှာ ဖြစ်သလို ဥပဒေအရ အမှုဖွင့်အရေးယူသွားမယ်လို့ စိုက်ဘဏ်ကနေ စာပေးပို့လာတယ်လို့ တောင်သူတဦးက ပြောပါတယ်။

“စာက ၂၀ ရက်နေ့ကမှ လက်ထဲရောက်တယ်။ ၂၁ ရက်နေ့ကို ကြွေးကျန်အားလုံး ပေးရမယ်ပေါ့။ မပေးရင် အရေးယူမယ်ဆိုတော့ တောင်သူအချို့ကတော့ အသည်းအသန် ငွေရှာနေရတယ်။ ကျနော်ဆိုလည်း ခုထိမပေးနိုင်သေးဘူး။ အမှန်က ကျနော်တို့က NUG ကိုယုံကြည်ပြီး စစ်ကောင်စီကို ပြန်မဆပ်ချင်တာပါ။ ကျနော်တို့ပေးတဲ့ငွေဟာ ပြည်သူသတ်မယ့် ကျည်ဖိုးမဖြစ်ချင်ဘူး။ ပြည်သူ့အစိုးရကိုပဲ ပေးချင်တာ။ ဒါပေမယ့်လက်တွေ့မှာ စကစ ဘက်က ဖိအားပေးလာပြီဆိုတော့ မဆပ်လို့မှမရတာ။ ဆပ်ရတော့မှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက် စိုက်ဘဏ်တွေကနေ ဖိအားပေးလာတဲ့အတွက် တောင်သူတွေမှာ ဖမ်းဆီးခံရမှာ လယ်ယာမြေတွေ သိမ်းဆည်းခံရမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေအရ ကုန်စျေးနှုန်းကြီးမြင့်တာ၊ သွင်းအားစုစျေးနှုန်း ကြီးမြင့်တာ၊ စပါးအထွက်နှုန်း ကျတာ၊ အကျိုးအမြတ်ရရှိမှု နည်းတာကြောင့် စိုက်ဘဏ်ချေးငွေကို ပြန်မဆပ်နိုင်ဘူးလို့ သိရပါတယ်။

အဲ့ဒီအပြင် တောင်သူအများစုမှာ NUG အစိုးရက ထုတ်ပြန်ထားတဲ့ စိုက်ဘဏ်ချေးငွေတွေကို စစ်ကောင်စီလက်ထက်မှာ ဆပ်စရာမလိုဘူးဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အများစုဟာ ချေးငွေကို ပြန်မဆပ်ကြဘူးလို့ သိရပါတယ်။

လက်ရှိစိုက်ဘဏ်ကနေ ပြန်ဆပ်ခိုင်းတဲ့ချေးငွေတွေဟာ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကနေ ၂၀၂၃ ခုနှစ် မိုးစပါးချေးငွေတွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။