ကျောက်ဆည်ခရိုင်တပ်ရင်း ၂ က ဆေးတပ်သား ၁ ဦးအပါ ၂ ဦး စစ်ကော်မရှင်ဆီဘက်ပြောင်း

0 82
0 82

ကျောက်ဆည်၊ ဩဂုတ် ၂၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းက ဆေးတပ်သား ၁ ဦးနဲ့ ထောက်ပို့ ၁ ဦး စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတာကြောင့် စခန်းလုံခြုံရေးကို ပိုမိုတိုးမြှင့်ထားရတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

ဆေးတပ်သား နေကြီး (ခ) ဘယ်လေး (ခ) နေမျိုးလင်းနဲ့ ထောက်ပို့လုပ်နေသူ စိုးကြီးဆိုသူတို့ဟာ ဩဂုတ် ၂၄ ရက်က တပ်ရင်းကနေ တာဝန်ကျဒေသကိုပြန်လွှတ်လိုက်ချိန်မှာ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ စစ်ကော်မရှင်တပ်စခန်းဆီကို ဘက်ပြောင်းသွားကြတာလို့ ဆိုပါတယ်။

“သွားတာက ခရီးသွားဖို့လွှတ်လိုက်တာကနေ အလင်းဝင်သွားတာ။ သူတာဝန်ကျတဲ့နေရာကို ခွင့်ပြည့်လို့ဆိုပြီး ပြန်လွှတ်လိုက်တာ။ သူနဲ့အတူနောက်တယောက်က အပြင်ထောက်ပို့တယောက်။ ထောက်ပို့ကအခြားအဖွဲ့တွေအတွက် ထောက်ပို့လုပ်နေတာ။ သူတို့ထွက်သွားတဲ့နေ့မှာပဲ နေ့ခင်းလောက်မှာ အဲ့ဘက်နယ်မြေခံအဖွဲ့အစည်းတွေက သတင်းပို့လာတာ။ ကျနော်တို့ထပ်စုံစမ်းတော့ ဝင်သွားတာအတည်ပြုနိုင်ခဲ့တယ်” လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ စခန်းမှူး ရင်ငြိမ်မိုး က ပြောပါတယ်။

ဘက်ပြောင်းသူတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါသွားတာမရှိဘဲ ဆေးပစ္စည်းအချို့နဲ့ ယူနီဖောင်းအချို့သာ ပါသွားကာ ခုလိုဘက်ပြောင်းသွားတာကြောင့် လေကြောင်းရန်နဲ့ စခန်းလုံခြုံရေးအတွက် စိုးရိမ်မှုတော့ရှိတယ်လို့ ကိုရင်ငြိမ်းမိုးက ဆက်ပြောပါတယ်။

“စခန်းလုံခြုံရေးက ပိုတိုးမြှင့်ထားရတယ်။ ကိုယ့်လူက ရန်သူဘက် ပါသွားတာကိုး။ လေကြောင်းတိုက်ခိုက်မှုကိုတော့ ပိုပြီးဂရုစိုက်နေရတယ်။ စစ်ကြောင်းထိုးလာတာမရှိဘူး။ ရဲဘော်တွေဆီ ဆက်သွယ်တာတွေလည်း မရှိဘူး။”လို့ ပြောပါတယ်။

နေကြီးဟာ ၂၀၂၃ မှာ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ကို ရောက်ရှိကာ အခြေခံစစ်သင်တန်းတက်ရောက်ပြီး နောက် တပ်ဖွဲ့ဝင်ဖြစ်လာပြီး တပ်ဖွဲ့အတွင်းနေထိုင်ချိန်မှာ စည်းကမ်းကောင်းပြီး တပ်ဖွဲ့အတွက် တာဝန် ကျေပွန်စွာအလုပ်လုပ်နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို ကျောက်ဆည်ခရိုင်တပ်ရင်း ၂ က တပ်ဖွဲ့ဝင်တွေ စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတာဟာ ခုတကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

နေကြီးနဲ့ အဆက်အသွယ်ရှိတဲ့ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်တွေအနေနဲ့ သတိထားကြဖို့နဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြသနာတွေကို တပ်ရင်းကတာဝန်ယူမှာ မဟုတ်ဘူးလို့ ဩဂုတ် ၂၆ ရက်မှာ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ သတင်းထုတ်ပြန်အသိပေးထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။