စစ်ကြောင်းထိုးပြီး ဘုန်းကြီးကျောင်းထဲတပ်စွဲနေတဲ့ မြင်းခြံကစစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများ

0 64
0 64

မြေလတ်အသံ၊ ဩဂုတ်၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာဘုန်းကြီးကြောင်းမှာတပ်စွဲနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုများပြီး လက်နက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေရရှိခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မြင်းခြံမြို့နယ်တွင်းကျေးရွာတွေကို လှည့်လှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဟာ အဲ့ဒီဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေစဥ် ဩဂုတ် ၂၀ ရက် မနက် ၁၁ နာရီမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ အပြန်အလှန်ပစ်ပါတယ်။ လက်နက်ကြီးပစ်ကူတွေနဲ့ သူတို့ဘက်က လေကြောင်းပစ်ကူတွေလာပေးပါတယ်။ အလောင်းတွေက သိရသလောက်က သူတို့ကချက်ချင်းမီးထဲကိုပစ်ထည့်တာမျိုးရှိတယ်လို့တော့ သိရပါတယ်။ ကျနော်တို့အလောင်းတော့မရခဲ့ပါဘူး” လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးပါဝင်သူတွေက ပြောဆိုထားပြီး အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း MA 11လက်နက်ငယ် ၂ လက်၊ Drone Shooter ၁ လက်၊ ငါးကြင်းမြီး (စက်လတ်) ပြောင်း ၁ ချောင်း၊ လက်ပစ်ဗုံး ၃ လုံး၊ Starlink အင်တာနက်စက် ၁ လုံး၊ ငွေသားအချို့၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ စစ်ကော်မရှင်တပ်နဲ့ မြင်းခြံခရိုင်ပျူစောထီးခေါင်းဆောင် သီတာယုမွန်လက်အောက်ပျူစောထီးတွေပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်ကာ ဩဂုတ် ၁ ရက်မှာ သစ်ရှည်ပင်ရွာကနေစတင်ကာ ကျေးရွာ ၂၀ ခန့်ကို လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မာန်လည်ရွာဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေတာပါ။

အဲ့ဒီစစ်ကြောင်းကြောင့် ဩဂုတ်လဆန်းပိုင်းကနေလက်ရှိအထိ မြင်းခြံမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂ သောင်းနီးပါးစစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့အတူ မြင်းခြံခရိုင် PDF တပ်ရင်း၊ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။