myaelatt athan

Sharing Information to the Local

တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရလို့ NLD ရပ်/ကျေးဥက္ကဌအပါ ရွာသား ၅ ဦးဖမ်းဆီးခံရ

ပေါင်းတည်၊ မတ် ၁၇၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်တပ်သတင်းပေးလို့ သတင်းထွက်ပေါ်နေသူ သေနတ်နဲ့ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး NLD ရပ်/ကျေးဥက္ကဌအပါ ရွာသား ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ကြို့ပင်သာအုပ်စု၊ လက်ပံပါးပျဥ်းရွာက စစ်တပ်သတင်းပေးဆိုသူ ကိုမောင်ဝင်း အသတ်ခံရတာနဲ့ပတ်သက်ပြီး ကြို့ပင်ကောက်အုပ်စု ရပ်/ကျေးNLD ဥက္ကဌအပါ ကျွဲတဲရွာက အသက် ၅၀ ဝန်းကျင်လောက်တွေရှိတဲ့ အမျိုးသား ၄ ဦးနဲ့ ဖားယားကြီးကျေးရွာက အမျိုးသား ၁ ဦးတို့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“အသတ်ခံရတဲ့ ကိုမောင်ဝင်းနဲ့ လောင်းကစားဝိုင်းမှာ ဒိုင်အတူလုပ်တဲ့ ၂ ယောက်နဲ့ ကျန်တဲ့မဆိုင်တဲ့လူ ၃ ယောက်ကို ဖမ်းသွားတာ။ အဲ့ရွာမှာ အခုထိ လောင်းကစားဝိုင်းတွေ ရှိနေတုန်းပဲ” လို့ ပေါင်းတည်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကြို့ပင်သာအုပ်စု ရပ်/ကျေး NLD ဥက္ကဌ ကိုဇော်နိုင် ကြို့ပင်သာအုပ်စု၊ ကျွဲတဲရွာက ကိုဝင်းအောင်၊ ကိုအေးကို၊ မောင်ရင်ထွေးနဲ့ ဖားယားကြီးရွာက ကိုအောင်ဇော်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတွေနဲ့ အဆက်အသွယ်ပြတ်နေပြီး ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်သတင်းပေးဆိုသူ ကိုမောင်ဝင်းဟာ မတ်လ ၁၄ ရက်ညပိုင်းက ကျွဲတဲရွာ လောင်းကစားဝိုင်းကနေ လောင်းကြေးငွေရှင်းပြီး ပြန်လာချိန် လက်ပံပါးပျဥ်းရွာ အနောက်ဘက် သင်္ချိုင်းကုန်းအနီးမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီလုပ်ဆောင်မှုနဲ့ပတ်သက်လို့ ပေါင်းတည် PDF ၃၆၀၁ တပ်ရင်း – တပ်ခွဲ ၅ နွေဦးအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပေါင်းတည်မြို့နယ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံနေရလို့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့တခုဖြစ်တယ်လို့ သိရပါတယ် ။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။