myaelatt athan

Sharing Information to the Local

ဆားလင်းကြီးမှာ စစ်တပ်က အိမ်တွေကိုမီးရှို့ပြီး ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းသွား

0 1
0 1

ဆားလင်းကြီး၊ မတ် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝဲကွဲရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားတဲ့အပြင်၊ ရွာသားတွေကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မတ်လ ၁၇ ရက် ဒီမနက် ၆ နာရီလောက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ရွာထဲကိုဝင်လာပြီး၊ မနက် ၁၁ နာရီလောက်မှာတော့ နေအိမ်တွေကိုမီးရှို့ခဲ့တဲ့အပြင် ဒေသခံရွာသား ၂၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဓါးမဆိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ ခေါင်းဆောင် ကိုစွမ်းသူမောင်က ပြောပါတယ်။

“စစ်ကြောင်းက ခါတိုင်းဆို မနက် ၈ နာရီလောက်မှထွက်တာ။ အခုက မနက် ၆ နာရီလောက်မှာ ထွက်လာတော့ ရွာသားတွေ ပိတ်မိကုန်တာ။ ပိတ်မိတဲ့အထဲမှာ ကျနော်တို့ ရဲဘော်လေး တယောက်တောင် ပါသေးတယ်” လို့ ဆိုပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ဝဲကွဲရွာက နေအိမ် ၁၀ လုံးကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပြီး၊ နေ့လယ် ၁၂ နာရီလောက်မှာတော့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“မြောက်ဘက်ကနေ ပြန်ထွက်သွားပြီးတော့ PDF စခန်းတခုကို မီးရှို့သွားတယ်လို့လည်း ကြားရတယ်။ မုံရွာဘက်ကို စက်လှေနဲ့ကူးသွားပြီး ဓားစားခံတွေကိုလည်း ခေါ်သွားပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရွာသားတချို့က ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေပြီး မီးလောင်သွားတဲ့နေအိမ်တွေကို မီးငြိမ်းသတ်နေကြတယ်လို့လည်း သိရပါတယ်။

ဝဲကွဲကျေးရွာကို စစ်အုပ်စုက မကြာခဏ ဝင်ရောက်လေ့ရှိပေမယ့် ဒီနေ့မှ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။