myaelatt athan

Sharing Information to the Local

အဝေးပြေးလမ်းပေါ်က ဘော်ဒါစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်မီးရှို့

0 29
0 29

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း

ပေါက်ခေါင်း၊ ဩဂုတ် ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမအဝေးပြေးလမ်းဘေးက ဘော်ဒါစခန်းကို တိုက်ခိုက် သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၃ ဦးအရှင်ဖမ်းမိထားတယ်လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၅ နာရီကျော်မှာ အင်အား ၄၀ ခန့်ရှိနေတဲ့ စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကျော်အကြာမှာ စခန်းကိုသိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပြီးတော့ ပြေးတဲ့သူတွေပြေးကြတယ်။ ခုခံတိုက်တဲ့သူတွေက သေတယ်။ သေဆုံးဒဏ်ရာရ အတည်ပြုတာက မြေပြင်မှာသွားခဲ့တဲ့ ရဲဘော်တွေရဲ့မျက်မြင်နဲ့ဒေသခံတွေရဲ့ အတည်ပြုချက်တွေအရ သတင်းထုတ်ပြန်တာဖြစ်ပါတယ်”လို့ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးကိုအရှင်ဖမ်းမိခဲ့ကာ ဖမ်းဆီးရမိ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ လတ်တလော ထုတ်ဖော်ပြောကြားလို့မရသေးဘူးလို့ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ MA3 ၂ လက်၊ MA11 ၁ လက်၊ အူစီ ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ကျည်ဘောက် ၁၃ ဘောက်၊ စကားပြောစက် ၁ လုံး၊ မိုဘိုင်းလ်ဖုန်း ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့အဆောက်အဦတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ် (၁) ၃၆၀၁ တပ်ရင်း၊ ပြည်ခရိုင်အမှတ် (၂) ၃၆၀၂ တပ်ရင်း နဲ့ တောင်ငူခရိုင်အမှတ် (၁) ၃၅၀၁ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ည ၉ နာရီခန့်မှာ စစ်ကောင်စီဘက်က ကြိမ်ချောင်းကျေးရွာကို ပါရာမိုတာနဲ့ဗုံး ၄ လုံးကြဲချခဲ့ရာ အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပြီး သေဆုံးထိခိုက်သူတွေရဲ့ အချက်အလက်ကို လိုင်းအခက်အခဲကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီကျော်ကလည်း ဂျင်းစိမ်းရွာက ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပရာ နဲ့ ဗုံး ၂ လုံးကြဲခဲ့တဲ့အတွက် ဘုရားကျောင်းပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဩဂုတ် ၁၇ ရက်မှာ ဘော်ဒါကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ပြီးနောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။