myaelatt athan

Sharing Information to the Local

ပခုက္ကူမှာ စစ်ဘေးရှောင်တွေရဲ့ဆိုင်ကယ်အစီး၂၀ ကျော်ကို စစ်အုပ်စုက ယူသွား

ပခုက္ကူ၊ မတ် ၁၆၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ် အစီးရေ ၂၁ စီးကို မတ်လ ၁၆ ရက်ဒီမနက်မှာ စစ်ကောင်စီတပ်သားတွေက ခိုးယူသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်တွေကို ခိုးယူသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၇၀ ကျော်နဲ့ ကျွန်းချောင်း (EPC)စက်ရုံထဲမှာ တပ်စွဲနေတဲ့ တပ်သားတွေဖြစ်ပြီး၊ သူတို့က ချမ်းသာကြီးကျေးရွာထဲမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ်တွေကို ယူသွားခဲ့တာလို့ မျက်မြင်အမျိုးသားတဦးက ပြောပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ ချမ်းသားကြီးကျေးရွာက စစ်ရှောင်အချို့။

“စကစတွေက ချမ်းသာကြီးရွာထဲကို ဝင်လာပြီးတော့ နေအိမ်တွေကို မွှေနှောက်တယ်။ လိုချင်တဲ့ ပစ္စည်းတွေကို ယူတယ်။ စစ်ရှောင်တွေက ဆိုင်ကယ်နဲ့ထွက်ပြေးနေကြရတာ။ အဲ့ဆိုင်ကယ်တွေကို ထားခဲ့ပြီးတော့ ချမ်းသာကြီးက ထွက်ပြေးရတယ်။ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို စကစတွေ ခိုးယူသွားတယ်။ ရွာကိုမနက်ခင်းလုံး မွှေနေခဲ့တာ” လို့ ဆိုပါတယ်။

ချမ်းသာကြီးကျေးရွာထဲ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်သူတွေဟာ မြို့စိုး၊ အိုင်ကြီး၊ ညောင်လှရွာ၊ ညောင်နီပင်ရွာ၊ သိမ်တော်ရွာက ဒေသခံတွေဖြစ်ပြီး၊ ဒီနေ့မနက်မှာတော့ သူတို့နဲ့အတူ ချမ်းသာကြီးကျေးရွာခံတွေကလည်း တခြားကျေးရွာတွေဆီကို အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးသွားခဲ့ကြရတယ်လို့ ထွက်ပြေးနေသူ တဦးက ပြောပါတယ်။

ပုံစာ – ပခုက္ကူမြို့နယ်၊ ချမ်းသားကြီးကျေးရွာက စစ်ရှောင်အချို့။

“ကျနော်တို့ဘက်မှာ စကစတွေက ရွာတွေကို ဒီလိုမွှေနှောက်နေတာ ၁ လကျော်ရှိပြီ။ တနေ့မှကို အေးအေးချမ်းချမ်း မနေရဘူး။ ကျနော်တို့ဘက်မှာက ဆိုင်ကယ်တွေနဲ့ပဲ ပြေးကြရတာ။ အခုက ဆိုင်ကယ်တွေကိုလည်း ခိုးသွားပြီဆိုတော့ အရမ်းအခက်တွေ့နေကြပြီ။ လမ်းတွေကို ပိတ်ထားတော့ စားသောက်ရေးလည်း ပြတ်တောက်နေပြီ” လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၅ ရက်မနေ့ကလည်း တိမ်းရှောင်နေရင်း မိမိကျေးရွာကို ပြန်လာကြတဲ့ အိုင်ကြီးကျေးရွာသား ၃ ဦးထဲမှ ဦးညိုဝင်း ၅၃ နှစ်၊ ကိုအောင်အေး ၃၃ နှစ်တို့ကို ရွာထဲကြိုရောက်ပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့ပြီး၊ ဒီနေ့ညနေ ၅ နာရီကျော်အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။