myaelatt athan

Sharing Information to the Local

မြောင်က စစ်ရှောင်အဘိုးတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

0 2
0 2

မြောင်၊ မတ် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်တန်းရွာက စစ်ရှောင်အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက မတ်လ ၁၄ ရက်မနေ့ကနေ့လယ် ၁ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်တန်းရွာသား အသက် ၇၀ နှစ်အရွယ် ဦးသန့်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း နေပူကုန်းရွာနဲ့ နဂါးပေါက်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတယ်လို့ မြောင်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ပစ်သတ်ခံရတာတောင် ရက်ရက်စက်စက် ပစ်သတ်သွားတာ။ စစ်ရှောင်နေတဲ့အချိန်မှာ သုံးဖို့ သူ့ရဲ့ရေလဲတပတ်လေးတွေ၊ သွားတိုက်တံ၊ သွားတိုက်ဆေးတွေတောင်မှ သူသေတဲ့နေရာမှာပဲ ကျန်ခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီစစ်သားတွေဟာ မြင်းမူဘက်ကနေ အင်အား ၂၀၀ နီးပါးနဲ့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး၊ ကျေးရွာတွေကို မီးရှို့တာမျိုးမလုပ်တော့ဘဲ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုသာ ဖမ်းဆီးသတ်ဖြတ်ဖို့ အဓိကပစ်မှတ်ထားပြီး လာတာဖြစ်နိုင်တယ်လို့ အထက်ပါအမျိုးသမီးက ခန့်မှန်းပါတယ်။

“ဒီနေ့ (မတ်လ ၁၅ ရက်)မှာလည်း နန်းမတော်ရွာထဲမှာ စစ်ရှောင်နေတဲ့ ရွာသားတွေ ရှိတယ်။ အဲဒီရွာထဲကို သူတို့ဝင်လာတော့ စစ်ရှောင်တွေကလည်း ပြေးချိန် မရလိုက်ဘူးပေါ့။ သူတို့ရွာထဲကနေ ပြန်ထွက်သွားချိန် စစ်ရှောင်တွေနေတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ထုတယ်။ ၆၀ မမတွေနဲ့လည်း ပစ်ထည့်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၃ ရက်မှာလည်း မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၁၀ က ဒေသခံပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ ရွာသား ၃ ဦးလည်း အသတ်ခံခဲ့ရတယ်လို့ CDSOM က ထုတ်ပြန်ရေးသားထားပါတယ်။

အဲ့ဒီနေ့က အသတ်ခံရသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့မတ်လ ၁၂ ရက်ကတည်းက မြောင်မြို့နယ်၊ ကင်းရွာကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက်မှာ ဆက်တိုက်ဆိုသလို နီးစပ်ရာကျေးရွာတွေကို စစ်ကြောင်းလှည့်နေခဲ့ကာ ခုတော့ ပေါက်ချောင်းရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။