myaelatt athan

Sharing Information to the Local

ပေါက် PDF စခန်းတခု စီးနင်းမီးရှို့ခံရ၊ အဘွား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ၅ ဦးဒဏ်ရာရ

ပခုက္ကူ၊ မတ် ၁၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံခဲ့ရပြီး လက်နက်ခဲယမ်း၊ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံ အဘွား ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ပေါက် PDF တပ်ရင်း ၄ ဆီက သိရပါတယ်။

မတ်လ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပေါက် PDF တပ်ရင်း ၄ စခန်းကို အလစ်အငိုက် စီးနင်းခဲ့ပြီးတဲ့နောက် စခန်းအနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ထပ်မံဝင်ရောက်စီးနင်းခဲ့လို့ သက်ကြီးရွယ်အို ဒေသခံအမျိုးသမီး ၂ ဦးကို လက်နက်ကြီးစထိမှန် သေဆုံးခဲ့တာလို့ ပေါက် PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုဖက်တီးက မြေလတ်အသံကို ပြောပါတယ်။

“စစ်ကောင်စီဘက်က သတင်းပေးတဲ့သူနဲ့ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းကိုပတ်ပြီး ကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်။ ကျနော်တို့က ရွာတွေဘက် ရှောင်ပြေးကျတော့ ညောင်ဝန်းတောင်စုနဲ့ မြောက်စုရွာ၊ ရွာသာအေး၊ ဝက်မှီးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ကို ပစ်ပြီးဝင်စီးတာ။ ကျနော်တို့ PDF တွေက အထိအခိုက်မရှိပါဘူး။ လက်နက်ပစ္စည်းတွေတော့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၇၉ နှစ်အရွယ် အဘွားဒေါ်သောင်းရင်ဟာ ပေါင်ရင်းလက်နက်ကြီးစထိမှန် သေဆုံးခဲ့ပြီး၊ ၆၉ နှစ်အရွယ် အဘွားဒေါ်ထွေးမှာ ဦးခေါင်းနောက်စေ့လက်နက်ကြီးစထိမှန် သေဆုံးခဲ့ကာ ဒေသခံ ၅ ဦးလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုမှု ခံယူနေရတယ်လို့ သူက ဆက်ပြောပါတယ်။

PDF Pauk တပ်ရင်း – ၄ ကင်းစခန်း စီးနင်းခံရတာကြောင့် ကျည်ဆံမျိုးစုံ ၄၅၀ ခန့်၊ လက်လုပ်သေနတ် ၅ လက်၊ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ဆက်စပ် ခဲယမ်းပစ္စည်း စုစုပေါင်းတန်ဖိုးသိန်း ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံရလို့ ဆုံးရှုံးခဲ့တဲ့အပြင် ညောင်ဝန်းမြောက်စုရွာအတွင်း ဝင်ရောက်ကာ ဒေသခံတွေရဲ့ ဆိုင်ကယ် ၅ စီး အပါအဝင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

လက်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှောကုန်းရွာမှာ အင်အား ၂၅၀ ကျော်၊ ထန်းတောကုန်းကျေးရွာအနီး ဇီးတောအတွင်းမှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲကင်းပုန်းဝပ်နေပြီး ဒေသခံရွာသား ၅ ဦးကိုလည်း ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ထမင်း၊ဟင်းချက်ခိုင်းထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။