ငလျင်ကြီးလှုပ်ပြီး ၄ လကျော်အထိ Sky Villa အောက်ကနေ ရုပ်အလောင်းတွေဆက်တွေ့နေပြီး ၂ ရက်အတွင်း ၅ လောင်း တူးဖော်ရရှိ

0 26
0 26

မန္တလေး၊ ဩဂုတ် ၁၅၊ ၂၀၂၅ ။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၄ လကျော်ကြာအထိ Sky Villa ကွန်ဒို အဆောက်အဦပျက်တွေအောက်ကနေ သေဆုံးရုပ်အလောင်းတွေ ဆက်တွေ့နေပြီး ၂ ရက်အတွင်း အလောင်း ၅ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ ကူညီရှာဖွေရေးလုပ်ဆောင်ပေးနေသူတွေထံက သိရပါတယ်။

ပြိုကျနေတဲ့ Sky Villa အဆောက်အဦပျက်တွေအောက်ကနေ ဩဂုတ် ၁၃ ရက်မှာ A အဆောင် ၃ လွှာ၊ အခန်းအမှတ် E 3 က အမျိုးသား ၁ ဦးရဲ့ရုပ်အလောင်းကို တူးဖော်ရရှိခဲ့ပြီး ဩဂုတ် ၁၄ ရက်မှာလည်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

” အလောင်းတွေ ထပ်တွေ့တာ ဟုတ်တယ်။ စည်ပင်နဲ့ Asiaworld ရှင်းနေတယ်။ A အဆောင်ကျန်တာ။ A အဆောင်ကို ရှင်းနေတာပေါ့။ ရှင်းတာကတော့ ပြီးတော့မှာပါ။ အလောင်းတွေကတော့ ထပ်ရှိနိုင်သေးတယ်။ ရှိရင်လည်း နည်းနည်းပါ” လို့ မန္တလေးမြို့ကူညီကယ်ဆယ်ရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အဦကို လှုပ်ခတ်ပြီး ၄ လကျော်အကြာ လက်ရှိအထိ အပျက်အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး အပျက်အစီးတွေအောက်နေ သေဆုံးရုပ်အလောင်းတွေ၊ ငွေနဲ့ ရတနာပစ္စည်းတွေလည်း ဆက်လက်တွေ့ရှိနေသေးတာပါ။

ရုပ်အလောင်း ၅ လောင်းထပ်မံတွေ့ရှိတာကြောင့် Sky Villa အဆောက်အဦအတွင်း သေဆုံးသူစုစုပေါင်း ၁၇၀ ဦးဝန်းကျင်ရှိလာကြောင်း လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ စာရင်းတွေအရသိရကာ ဩဂုတ် ၁၅ ရက်အထိ A အဆောင်တခုသာ ရှင်းလင်းဖို့ကျန်ရှိတော့တယ်လို့ သိရပါတယ်။

လက်ရှိမှာ Sky Villa အဆောက်အဦအတွင်း ရှာဖွေကယ်ဆယ်ရေး၊ အပျက်အစီးရှင်းလင်းရေးလုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့၊ စည်ပင်နဲ့ Asiaworld ကုမ္ပဏီဝန်ထမ်းတွေက ဆက်လက်လုပ်ဆောင်နေကြပြီး လူမှုကူညီရေးအဖွဲ့တွေကတော့ ဇူလိုင်လကစတင်ကာ ရှာဖွေရေးလုပ်ငန်းတွေကို ရပ်နားလိုက်ရပြီလို့ ဆိုပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၇ ဦးရှိပြီး တွက်ချက်မှုတွေအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီပိုင်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဓါတ်ပုံ – Myanmar Fire Services Department.

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။