myaelatt athan

Sharing Information to the Local

ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး PDF ဆီဘက်ပြောင်းလာ

0 10
0 10

ပဲခူး၊ သြဂုတ် ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၈ ဦးဟာ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း၊ P2-3702 အဖွဲ့ဆီက သိရပါတယ်။

အဆိုပါစစ်ကေင်စီတပ်သား ၈ ဦးအနက် ၆ ဦးဟာ သြဂုတ် ၆ ရက်နဲ့ ကျန် ၂ ဦးကတော့ သြဂုတ် ၈ ရက်မှာ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းဆီကို ဘက်ပြောင်းလာတာလို့ သိရပါတယ်။

“သူတို့ လက်နက်မပါရတဲ့ အကြောင်းအရင်းကတော့ သူတို့ကို ခြိမ်းခြောက်ထားတာပေါ့ဗျာ။ သေနတ်ယူပြီး ပြေးရင် မိသားစု ဒုက္ခရောက်မယ်ပေါ့။ ပြီးတော့ သေနတ်ပါသွားရင် PDF တွေကပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားလို့ မယူခဲ့တာဗျ။”လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့၊ ကွင်းချောင်းဝ ဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် ၉ က စစ်သင်တန်းဆင်းတပ်သား ၂ ဦးနဲ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သဲချောင်းရွာ ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း အပတ်စဥ် ၅ က စစ်သင်တန်းဆင်းတပ်သား ၆ ဦးတို့ဖြစ်ပြီး အသက် ၁၉ နှစ်ကနေ ၃၂ အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်မှုထမ်း သင်တန်းဆင်းတပ်သား ၈ ဦးဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရေးမြို့တွေက ဖြစ်ပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့ တပ်တွင်းထဲမှာ ဖိနှိပ်ခံရတယ်ပေါ့ဗျာ။ စစ်သားတွေက မူးရူးသောက်စားပြီး သေနတ်နဲ့ ပစ်မယ်ခတ်မယ် ချိန်တာတွေပါ ရှိလာတော့ သူတို့ မနေချင်ကြတာတော့တာ။ ကျနော်တို့ကတော့ လက်နက်ပါရင် ဆုကြေးငွေ ချီးမြှင့်မယ်။ မပါတော့လည်း ဆုကြေးငွေ မချီးမြှင့်ပေမယ့် နွေးထွေးစွာ ကြိုဆိုပါတယ်။”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဘက်ပြောင်းခိုလှုံလာသူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း၊ P2-3702 အဖွဲ့ရဲ့ တပ်တွင်းမှာဘဲ ထိန်းသိမ်းထားပြီး ဘက်ပြောင်းလာသူတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လူ့အခွင့်အရေး အပြည့်အဝနဲ့ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း၊ P2-3702 အဖွဲ့ထံကို လက်နက်နဲ့ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးနဲ့ လက်နက်မဲ့ ဘက်ပြောင်းလာသူ ၂၆ ဦး စုစုပေါင်း ၃၃ ဦး ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။