myaelatt athan

Sharing Information to the Local

စစ်အုပ်စုက ပစ်ခတ်စစ်ကြောင်းထိုးလာလို့ ထန်းတက်သမား ၂ ဦးသေဆုံး

0 3
0 3

ယင်းမာပင်၊ မတ် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျွန်းတောပြင်ရွာ(ခေါ်) နဘူးတောကျေးရွာမှာ နေထိုင်တဲ့ ထန်းတက်သမား ၂ ဦး မတ်လ ၈ ရက်ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘန့်ဘွေးရွာက အင်အား ၃၀ နီးပါးရှိ စစ်သားနဲ့ပျူတွေ စစ်ကြောင်းထိုးလာချိန် နဘူးတောကျေးရွာအရောက်မှာ အသက် ၃၅ နှစ်အရွယ် ထန်းတက်သမား ကိုမင်းဇော် ကို သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်ပြီး၊ ဦးမြအေး ၅၀ နှစ်ကတော့ ဒီပစ်ခတ်မှုတွေကို ကြောက်လန့်ပြီး ထန်းပင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာလို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ခံတဦးက ပြောပါတယ်။

“ကိုမင်းဇော်ကိုတော့ ထန်းပင်ပေါ်က ဆင်းဆင်းချင်း ပစ်သတ်သွားတာပါ။ ဦးမြအေးကတော့ ထန်းပင်ကနေ ပြုတ်ကျပြီး ဆေးကုသမှုခံယူနေရင်း ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ သူတို့ ၂ ယောက်စလုံးက နဘူတောရွာ တောပြင်မှာနေတဲ့ ထန်းတက်သမားတွေပါ” လို့ ဆိုပါတယ်။

ပျူစောထီးတပ်ဖွဲ့တွေဟာ ပစ်ခတ်မှုပြုလုပ်ပြီး ညနေ ၃ နာရီခွဲလောက်မှာ ဘန့်ဘွေးကျေးရွာထဲကို ပြန်ဝင်သွားခဲ့တယ်လို့ သိရပြီး၊ သေဆုံးသွားတဲ့ ကိုမင်းဇော်နဲ့ ဦးမြအေးကိုတော့ ဒီနေ့မနက်မှာပဲ သင်္ဂြိုလ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ဘန့်ဘွေးရွာမှာ စစ်တပ်ကလည်း ပြီးခဲ့တဲ့နှစ် ဇွန်လဝန်းကျင်ကတည်းက ရွာခံပျူစောထီးအဖွဲ့ဝင် အိမ်ထောင်စု ၁၀ စုနဲ့ပေါင်းကာ တပ်စွဲနေတာဖြစ်ပြီး၊ ကျန်တဲ့အိမ်ထောင်စု ၃၀၀ ကျော်ကတော့ ရွာအနီးတောတိုက်တွေထဲမှာပဲ စစ်ရှောင်အနေနဲ့ နေထိုင်ကြတယ်လို့ ဘန့်ဘွေးကျေးရွာသား တဦးက ဆိုပါတယ်။

အဲ့ဒီစစ်သားနဲ့ ပျူတွေဟာ အနီးရွာက ဒေသခံတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်ဆေးပြီး ပစ္စည်းသိမ်းယူတာနဲ့ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

မတ်လအတွင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံပြည်သူ ၆ ဦးထိ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ရေးသားထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။