စာမေးပွဲမေးခွန်း သယ်လာတဲ့ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ပခုက္ကူ၊ မတ် ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့မှ‌ ရေစကြိုမြို့ပေါ် ကျောင်းများအတွက် မေးခွန်းသယ်၍ ပြန်လာတဲ့ အိမ်စီးကား ၃ စီး ရေစကြို့မြို့အပြင် ဘက်စုံကွေ့အနား မိုင်းဆွဲခံရပြီး စစ်သားအချင်းချင်း ရမ်းသမ်းပစ်ခတ်မိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ဆီက သိရပါတယ်။

မတ်လ ၂ ရက် မနေ့က ညပိုင်း ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ပကဖ က မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်သားအချင်းချင်း ရမ်းသမ်းပစ်ခတ်မိရာမှ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

“မေးခွန်းသယ်လာတဲ့ စစ်ကောင်စီ တပ်သားတွေ ပါလာတဲ့ Super Custom ၁ စီး Eurofect ကား ၁ စီး နဲ့ CRV ကား ၁ စီး ၃ စီးကို ရေစကြိုမြို့အပြင်ဘက် ဘက်စုံကွေ့အနားရောက်တဲ့အချိန် ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲ ၆ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး “အဲဒီမှာ ရှေ့ဆုံးကား ၂ စီးက ပျက်စီးပြီး နေရာမှာတင် ထိုးရပ်သွားတယ်။ အထိအခိုက်ကတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေတုန်းပါ။ မိုင်းဆွဲပြီးတဲ့အချိန်မှာ ရဲဘော်တွေက မပြေးသေးပဲနဲ့ ဝတ်ပြီး စောင့်ကြည့်နေခဲ့တယ်။ နောက်ကားက ပါလာတဲ့ စစ်ခွေးတွေ ရမ်းသမ်းပြီးပစ်တာ အချင်းချင်းပစ်မိပြီး ၂ ယောက် သေတယ်” လို့ ဆက်ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ မေးခွန်းသယ်တဲ့ကားတွေကို လုံခြုံရေးယူတဲ့အနေနဲ့ လိုက်လာကြတာ ဖြစ်ပြီး၊ မိုင်းဆွဲခံရပြီး ကားတွေက မောင်းလို့ရတာနဲ့ ရေစကြိုမြို့ပေါ်ကို မောင်းသွားတယ်လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ရေစကြိုမြို့‌နယ်၊ အောင်မိုးလမ်းခွဲအနီးက ပျူစောထီးရွာဖြစ်တဲ့ ဇီးတောရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ခမရ ၂၅၈ တပ်က ကားကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ များခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။