myaelatt athan

Sharing Information to the Local

အချုပ်ကားပေါ်မှ ထွက်ပြေးသွားသူများထဲက ၃ ဦး ပြန်ဖမ်းခံရပြီး ပစ်ဖမ်းရာက ၁ ဦး သေဆုံး

ရမည်းသင်း၊ မတ် ၂၊ ၂၀၂၃။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ရမည်းသင်းအကျဉ်းထောင်က အချုပ်သားတွေ မတ်လ ၁ ရက် မနေ့ညနေ ၄နာရီခွဲခန့်က တရားရုံးချိန်းအပြန်မှာ အချုပ်ကားကို စီးနင်းပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင် တရားရုံးမှာ တရားရုံးထုတ်ပြီး ရမည်းသင်းထောင်ကိုအပြန် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တပ်ကုန်းမြို့နယ် သူဌေးကုန်းကျေးရွာအနီးအရောက်မှာ အချုပ်ကားနဲ့ လိုက်ပါလာတဲ့ အချုပ်သားတွေဟာ လုံခြုံရေးအစောင့်ရဲကို သေနတ်လုယူတိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပျဉ်းမနားတရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ ဖြစ်တာလို့ သိရတယ်။ အချုပ်သားတွေက မလုပ်လောက်ဘူးထင်ပြီး လုံခြုံရေးပေါ့တာလည်း ပါမယ်။ ရဲအင်အားအနည်းစုလောက်ပဲ ပါတယ်။ အချုပ်သားတွေက စုပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲဆီက သေနတ်လုပြီး ပစ်ခတ်တယ်။ ပြီးတော့ ထွက်ပြေးကြတာ သေနတ်ပါ ပါသွားတယ်။ အချုပ်သားတွေက လူညီသွားတော့ ရဲတွေ ခံလိုက်ရတယ်” လို့ ပြောပါတယ်။

အဲ့ဒီအချုပ်ယာဥ်ပေါ်မှာ အချုပ်သားအမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင်လာတာဖြစ်ပြီး အမျိုးသား ၉ ဦးက ထွက်ပြေးခဲ့ရာ မနေ့ညနေပိုင်းမှာပဲ အချုပ်သား ၃ ဦးပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ၁ ဦးက သေဆုံးသွားတယ်လို့ သိရပါတယ်။

“ထွက်ပြေးတာက ၉ ယောက် ထွက်ပြေးတာလို့ သိရတယ်။ အကုန်လုံးခြေဦးတည့်ရာ ပြေးကြတာ။ အဲ့ဒီထဲက ၃ ယောက်က တပ်ကုန်းမြို့နယ်ထဲက လမ်းဟောင်းနားမှာပဲ ပြန်အဖမ်းခံရတယ်လို့ သိရတယ်။ သူတို့ကို ပစ်ဖမ်းတာ ၁ ယောက် သေသွားပြီး ၂ ယောက်ကို အရှင်မိတာ။ သေသွားတဲ့အချုပ်သားကို တပ်ကုန်းဆေးရုံကို ပို့ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

အခင်းဖြစ်ပွားမှုအတွင်း အချုပ်သားတွေရဲ့တိုက်ခိုက်မှုကြောင့် အစောင့်ရဲတပ်သား ၁ ဦး သေနတ်ကျည် ထိမှန်ခဲ့လို့ တပ်ကုန်းမြို့ ကုတင် – ၁၀၀ ဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

အချုပ်သားတွေ ထွက်ပြေးသွားပြီးတဲ့နောက် စစ်ကောင်စီဘက်က မနေ့ညနေကစလို့ တပ်ကုန်းနယ်မြေ တဝိုက်မှာ အင်အားအများအပြားနဲ့ လိုက်လံရှာဖွေနေပြီး အသာတကြည် အဖမ်းမခံရင် တွေ့တဲ့နေရာ ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။