ကန့်ဘလူပကဖတပ်ဖွဲ့ဝင် ၁ ဦး အချုပ်ကျနေချိန်ထွက်ပြေးပြီး စစ်တပ်နဲ့ပူးပေါင်းသွားကြောင်းသတင်းထွက်နေလို့ လေကြောင်းအန္တရာယ်စိုးရိမ်ရ

ကန့်ဘလူ၊ ဩဂုတ် ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ပကဖရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁ ဦး အချုပ်ကျနေချိန် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ထွက်ပြေးသွားသူဟာ အသက် ၂၅ နှစ်ကျော်ရှိ ရဲဘော် Error ဆိုသူဖြစ်ပြီး အမျိုးသမီးကိစ္စကြောင့် အချုပ်ချထားချိန် ဩဂုတ် ၂ ရက်မှာ ဆေးခန်းပြသမယ် ဆိုကာ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

” လူမှုရေးပြဿနာနဲ့မို့ အချုပ်ခဏချထားတာ။ ကျန်းမာရေးလိုလိုဘာလိုလိုနဲ့ ဆေးဘဲမှားသောက်သလို ဝမ်းနုတ်ဆေးဘဲမှားသောက်သလိုနဲ့ ကျန်းမာရေးဖောက်တဲ့အခါ ဆေးပြဆိုပြီး ရဲဘော်တယောက်နဲ့ထည့်လိုက်တာ အဲ့ကနေလစ်သွားတာ။ အဲ့ကောင်မလေးကိုခေါ်ပြီးတော့” လို့ ထွက်ပြေးသွားတဲ့တပ်ဖွဲ့ဝင် Error နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးသွားသူ Error ဟာ အိမ်ထောင်ရှိသူဖြစ်ပြီး နောက်ထပ်အမျိုးသမီးငယ်တဦးနဲ့ လူမှုရေးကိစ္စတွေဖြစ်ပေါ်နေတာကြောင့် ပကဖစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေစဥ် အခုလိုထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး လက်နက်နဲ့စာရွက်စာတမ်းတွေတော့ ဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်။

၎င်းဟာ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ကို ဘက်ပြောင်းခိုလှုံသွားကြောင်း သတင်းတွေထွက်ပေါ်နေပြီး ပြန်လည်ဖမ်းမိနိုင်ရေး မြို့နယ်ပကဖအဖွဲ့ဝင်တွေနဲ့ နယ်မြေအတွင်းက ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည် သီရိမွန်ကျေးရွာအနီးရှိ ကန့်ဘလူခရိုင်ပကဖလှုပ်ရှားစခန်းပကဖအဖွဲ့ဝင် ၁ ဦးအပါ ၂ ဦး စစ်ကောင်စီဘက်ကို ဘက်ပြောင်းခိုလှုံသွားပြီးနောက် ၁၀ ရက်အကြာ ဇူလိုင် ၄ ရက်မှာ အဆိုပါခရိုင်ပကဖစခန်း လေကြောင်းကနေဗုံးကြဲခံခဲ့ရလို့ တပ်ဖွဲ့ဝင် ၄ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ပကဖတပ်ဖွဲ့ဝင် Error ထွက်ပြေးသွားပြီးနောက် ပကဖစခန်းနဲ့ ကျန်ရှိတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ ကြိုတင်ရွှေ့ပြောင်းတာတွေပြုလုပ်ပြီးဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်ထက် စခန်းတည်နေရာတွေကို လေကြောင်းကနေ ဗုံးလာကြဲနိုင်တဲ့အခြေအနေကို ပိုမိုစိုးရိမ်ရတာမျိုးရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။