myaelatt athan

Sharing Information to the Local

မင်းလှမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁၉ ဦးထွက်ပြေး

0 48
0 48

၁ ဦးပြန်ဖမ်းခံထားရပြီး စစ်ကောင်စီတပ်ကစစ်ဆေးမှုတင်းကျပ်ရှာဖွေနေ

မြေလတ်အသံ၊ သြဂုတ် ၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၁၉ ဦးထွက်ပြေးခဲ့တာကြောင့် စစ်ကောင်စီဘက်က မင်းလှမြို့ပေါ်နဲ့အနီးဝန်းကျင်ကိုစစ်ဆေးမှုတွလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂ ရက်ည ၈ နာရီကျော်မှာ မင်းလှမြို့၊ ထွေအုပ်ရုံး ထိန်းသိမ်းခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၁၉ ဦးစလုံးထွက်ပြေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီက ၁၈ ဦးသာလွတ်မြောက်ခဲ့ကာ ၁ ဦးကတော့ မြို့ပေါ်မှာပြန်အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“မနေ့(သြဂုတ် ၂)က မြို့ထဲမှာပတ်ရှာနေတာ။ အစစ်အဆေးလည်းကြမ်းတယ်။ ပုံတွေနဲ့တိုက်စစ်နေတာ။ ၂ ရက်နေ့ညက ပြန်မိတာ ၁ ယောက်က။ ဘယ်နေရာမိလည်းတော့အတိအကျမသိရဘူး။ မြို့ထဲမှာပဲ မိတယ်လို့ ပြောတယ်”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မင်းလှမြို့၊ အနောက်ခြမ်းရှိကျေးရွာတွေကို ပေါ်တာသွားဆွဲနေတုန်း အလစ်အငိုက်မှာထွက်ပြေးခဲ့ကြတာဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံကအတည်မပြုနိုင်သေးပါဘူး။

သြဂုတ် ၃ ရက်နဲ့ ၄ ရက်ဒီကနေ့မနက်အချိန်ထိ မင်းလှမြို့ပေါ်မှာ စစ်ကောင်စီတပ်က လွတ်မြောက်သွားသူ ၁၈ ဦးရဲ့ဓာတ်ပုံတွေကိုကိုင်ဆောင်ပြီး စစ်ဆေးမှုတွေလုပ်နေသလို မြို့အနီးရှိကျေးရွာတွေကိုပါ စစ်ကြောင်းထိုးပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၈ ရက်နဲ့ ၁၂ ရက်ကလည်း မင်းလှမြို့နယ်၊ ညောင်ပင်သာနဲ့ ငလှစမ်းကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာခံတွေဖြစ်ကြတဲ့ ကိုမိုးဒီ၊ ကိုညီညီမိုးခန့်၊ ကိုဖိုးကုလား၊ ကိုဝင်းထွဋ်နောင်၊ ကိုမင်းဇော်၊ ကိုစန်းမင်းအောင်တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။