ပုလဲ၊ ဩဂုတ် ၂၊ ၂၀၂၅။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်ကပြန်လည်မထိန်းချုပ်နိုင်သေးဘူးလို့ မြေပြင်တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ဩဂုတ် ၂ ရက်မှာ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်သွားပြီလို့ ပြည်သူတွေအကြားမှာပျံ့နှံ့မှုတွေရှိနေခဲ့ပေမယ့် ဒီကနေ့ညနေပိုင်းအထိ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ PLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်ကာကွယ်ထားကြောင်း ကျားသစ်နက်တပ်မတော်မှ ကိုဥက္ကာက မြေလတ်အသံကိုအတည်ပြုထားပါတယ်။


“စစ်တပ်ထိုင်သွားတာ မဟုတ်ဘူးဗျ။ အခုချိန်ထိ သူတို့ထိုးစစ်ပေါ့နော်၊ ကန့်ဒေါင့်ပြန်ရရှိရေးအတွက် ထိုးစစ်လုပ်နေတာပါဗျ စစ်ကောင်စီက။ ဒါကို ကျနော်တို့ တော်လှန်းရေးအင်အားစုတွေက ပူးပေါင်းပြီးတော့ ကာကွယ်နေပါတယ်၊ လုံးဝ ဒီကန့်ဒေါင့်ကို ပြန်ပေးလိုက်ရတယ်ဆိုတာ သတင်းအမှားပါ။” လို့ ကိုဥက္ကာက ပြောပါတယ်။
ကန့်ဒေါင့်ရွာအနီးမှာ ဩဂုတ် ၁ ရက်ညပိုင်းကလည်း အင်အား ၁၂၀ ခန့်ပါစစ်ကြောင်းနဲ့ PLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
“ကန့်ဒေါင့်ပရဝုဏ်မှာ ဖြစ်တာဗျ၊ ကန့်ဒေါင့်နဲ့ အနီးကပ်ဆုံးနေရာတွေမှာ သူတို့ ထိုးစစ်ဆင်လာတာ၊ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာမဟုတ်ဘူး၊ ဒါတော့ PLA နဲ့ဖြစ်တာပေါ့၊ အခုလည်း ကျနော်တို့ ရဲဘော်တွေ အားလုံးပေါ့၊ PLA ပါမယ်၊ ကျားသစ်နက်ပေါ့ ကျနော်တို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ပါမယ်၊ နောက် အညာဗျူဟာပါမယ်၊ ABSDF တို့ပါမယ်၊ အခြား Local တွေပါမယ်ပေါ့၊ အားလုံးက ကာကွယ်နေပါတယ်ဗျ။” လို့ ကိုဥက္ကာက ဆိုပါတယ်။


ကန့်ဒေါင့်နဲ့နီးတဲ့ရွာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေပေမယ့် ကန့်ဒေါင့်ကိုစစ်ကောင်စီတပ်က ဝင်သိမ်းသွားတယ်ဆိုတာဟာ သတင်းမှားသာဖြစ်ကြောင်း PLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က မြေလတ်အသံကိုအတည်ပြုပြောဆိုပါတယ်။
“အခုလည်း ကန့်ဒေါင့်နဲ့ ၂ရွာ ၃ရွာအကွာက ရွာတွေမှာတိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်၊ အဲဒီတော့ ကန့်ဒေါင့်ထဲကို သူတို့ ဝင်သိမ်းသွားတယ်ဆိုတဲ့သတင်းက မှားနေတယ်။” လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ကကန့်ဒေါင့်စခန်းကို အလုံးစုံပြန်လည် ထိန်းချုပ်ထားနိုင်တာမျိုးမရှိသေးဘဲ တော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်နေတဲ့အနေအထားသာ ရှိသေးတယ်လို့ ယင်းမာပင်ခရိုင်ထဲက ဒေသခံတပ်ဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
“ကန့်ဒေါင့်ထဲမှာ PLA တွေရော သူတို့ဆိုင်ထားတဲ့သဘောမှာ ရှိတယ်၊ အဲဒီလို အနေအထားတော့ရှိတယ်၊ ပြန်ပေးလိုက်ရတယ်ဆိုတာတော့ လက်ရှိအချိန်အထိ မပြတ်သေးတဲ့ကိစ္စလို့ ပြောလို့ရတယ်။” လို့ သူကပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိစစ်ရေးအခြေအနေအရ ကန့်ဒေါင့်စခန်းကနေ ဆုတ်ခွာထားတဲ့အခြေအနေရှိပေမယ့် ကန့်ဒေါင့်စခန်းထဲအထိ စစ်ကောင်စီတပ်တွေ ရောက်လာတာမျိုး၊ အထိုင်ချသွားတာမျိုးတွေတော့ မရှိသေးဘူးလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။
ကန်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းကို PLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး – ABSDF၊ ကျားသစ်နက်တပ်မတော် စတဲ့တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်တွေက ဇွန် ၂ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၇ ရက်အကြာ ဇွန် ၁၉ ရက်မှာ အပြီးသိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
စာတည်း – လင်း