တိုက်ပွဲနဲ့ စစ်ကြောင်းကြောင့် ညောင်ဦးဒေသခံ ၆ ထောင်ကျော်ထွက်ပြေးနေရ

ညောင်ဦး၊ ဩဂုတ် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကြအိုနဲ့ စကားကျေးရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့ ကြားဖြတ်တိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိပြီး စစ်ကြောင်းကြောင်း ကျေးရွာ ၁၀ ရွာက ဒေသခံထောင်ချီပြေးနေရတယ်လို့ Black Eagle PDF-Bagan အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁ ရက်မနက် ၇ နာရီကျော်မှာ ကြအိုရွာကနေ စကားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ကျေးရွာ ၂ ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျောက်ပြင်ကန်ကို ဦးတည်ချိန်မှာ ကျနော်တို့အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုလုပ်ခဲ့တယ်။ ပြီးတော့ သူတို့ ဖောကား ၂ စီးနဲ့လာတယ်။ ၁ စီးက ပစ္စည်းတွေသယ်တယ်။ ၁ စီးက သူတို့ထိခိုက်သူတွေကို တင်သွားတယ်။ ထိခိုက်ဒဏ်ရာရတယ်။ ၁ ယောက်တော့ကျဆုံးတယ်။ ပြည်သူစစ်ခေါင်းဆောင် သေတယ်လို့ သိရတယ်။ လာတင်တဲ့ကားက ဂန့်ဂေါက ကား။ လေယာဉ်ကွင်းလမ်းအတိုင်း ပြန်သွားတာ”လို့ Black Eagle PDF-Bagan တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးပြန်ဆုတ်ချိန် စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ပျူစောထီး တွေဘက်က ၁ ဦး‌သေ၊ ၁၀ ဦး ထိခိုက်ခဲ့ကာ ဒီအရေအတွက်ကို တိုက်ပွဲပါ အဖွဲ့ဝင်တွေရဲ့မျက်မြင်နဲ့ ဒေသခံသတင်းပေးတွေဆီကနေ အတည်ပြုထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့စစ်ကြောင်းထိုးတာကြောင့် အိမ်ခြေ ၁၀၀ ကနေ ၅၀၀ ကြားရှိတဲ့ ကြအို၊ မြေသန့်တောင်၊ ကျောက်ပြင်ကန်၊ ဂျိုးကန်၊ တပြင်ကန်၊ ကန်ကြီးကုန်း၊ နပ္ပလင်၊ ဥယျာဥ်၊ ယာတောကြီးအပါအဝင် ၁၀ ရွာခန့်က ဒေသခံ ၆,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပြီးနောက် ဂျိုးကန်ရွာမှာ ညအိပ်ပြီး ဩဂုတ် ၂ ရက်မနက်မှာ တောင်ဇင်းရဲစခန်းဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်ကလည်း ညောင်ဦးမြို့နယ်က မီးလောင်ဖျားတောင်၊ မီးလောင်ဖျားမြောက်၊ ဥယျာဥ်ရွာတွေကို စစ်ကောင်စီစစ်ကြောင်းက မီးဝင်ရှို့လို့ နေအိမ် ၂၀၀ ခန့်မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။