မြေလတ်အသံ၊ ဇူလိုင် ၃၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဇူလိုင် ၂၉ ရက်မနက် ၆ နာရီမှာ ဖမ်းဆီးမိပြီးထိန်းသိမ်းထားတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းဆီက သိရပါတယ်။
ဖမ်းမိသူတွေဟာ သပိတ်ကျင်းအခြေစိုက် ခလရ ၁၄၈ တပ်ရင်းက တပ်ဖွဲ့ဝင် ရဲမြင့်ဟန်၊ တပ်ဖွဲ့ဝင် နေဆန်းနဲ့ တပ်ဖွဲ့ဝင် ကျော်ဇင်လတ် တို့ဖြစ်ပါတယ်။
“သေနတ်တွေတော့ပါမလာဘူးဗျ။ သူတို့ကို ကောင်းကောင်းမွန်မွန်ထားတယ်၊ လိုအပ်တဲ့ဆေးဝါး ကုသပေးတယ်၊ နောက်ပိုင်းမှာ မိသားစုနဲ့ ဆက်သွယ်ပေးဖို့လည်း စီစဥ်ထားပါတယ်”လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။
အထက်ပါ တပ်သား ၃ ဦးဟာ သပိတ်ကျင်းမြို့အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းမှာ တပ်စွဲနေရာက ထွက်ပြေးလာကြတာဖြစ်ပြီး ဝက်လက်မြို့နယ်တနေရာအရောက်မှာ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ စစ်မှုထမ်းအပတ်စဥ် ၁၀ ဆင်းတွေဖြစ်ပြီး သပိတ်ကျင်းမြို့ကိုမသွားမီ မန္တလေး၊ နန်းတွင်း တပ်ထဲမှာ မွန်းမံသင်တန်း ၂ ပတ်ဆင်းပြီးနောက် ဇူလိုင် ၂၃ ရက်မှာ MI-17 ရဟတ်ယာဥ်နဲ့ သပိတ်ကျင်းကိုရောက်ရှိခဲ့တာလို့ ဗိုလ်ကောက်ရိုးကပြောပါတယ်။
MDY-PDF ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၂၃ ရက်မှာ မြို့ပေါ်ကိုဝင်ရောက်ကာ ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စာတည်း – လင်း