myaelatt athan

Sharing Information to the Local

ရွာကိုမီးရှို့ပြီးထွက်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးခန့်သေဆုံး

0 4
0 4

မြင်းမူ၊ ဖေဖော်ဝါရီ ၂‌၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာကိုမီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၂၅ ရက်မနေ့ကမနက် ၁၀ နာရီလောက်မှာတိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၇၀ ကျော်နဲ့ ပဒတ္တိုင်းရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းမှာ အရာတော်မြို့နယ်၊ ကန်ရင်းမလဲ သာရွာဘက်ကဖြစ်ပြီး၊ တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးခဲ့သလို ၁၅ ဦးလောက်လည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ တောင်သာအခြေစိုက် Delta Force Taungtha အဖွဲ့မှ တာဝန်ခံကိုဇင်ယော်က ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာက ပေ ၁၅၀ အကွာလောက်ပဲရှိတယ်။ ကျနော်တို့က နေရာ ကောင်းကောင်းယူပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာဘဲ စကစ ၃ ကောင်သေတာကို မျက်မြင်တွေ့ခဲ့တယ်။ ၁၅ ကောင်ထက်မနည်းဒဏ်ရာရသေးတယ်လို့တော့ ကင်းထောက်က ပြောတယ်။ ဒါကိုတော့ အတည်မပြုနိုင်သေးဘူး”လို့ ပြောပါတယ်။

အဆိုပါဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကို စိုင်မြစ်ကျေးရွာမြောက်ဘက်ရှိ တောရပ်ကျောင်းမှာ ဝင်ရောက်ပြီးဆေးကုသခဲ့ကြတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ မိနစ် ၂၀ လောက်ကြာတယ်။ ကျနော်တို့ကပျောက်ကြားစနစ်နဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ ရဲဘော်တွေအထိအခိုက်မရှိခဲ့ဘူး။ တိုက်ပွဲမှာ စကစ ၃ ကောင်သေတာကို ထမ်းစင်နဲ့ သယ်သွားတာကိုတွေ့ခဲ့ရတယ်။ ဒဏ်ရာရတာကိုတော့ အသေးစိတ်အချက်အလက်မသိရသေးဘူး”လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ People Revolution Force Kyaukse ( PRFK)မှ တာဝန်ခံ ကိုစစ်နိုင်ကလည်း အတည်ပြုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်သာအခြေစိုက် Delta Force Taungthaအဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ ကျောက်ဆည်တော်လှန်ရေးအင်အားစု(PRFK)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီကနေ့မှာတော့ ထီးဆောင်းကျေးရွာဘက်ကို ရောက်ရှိနေပြီလို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း အရာတော်မြို့နယ်၊ မင်းရွာကြီးမြောက်ရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တောင်သာ PDF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇တို့အကြား ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။