ယခင်ရာထူးအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်မယ်ဟုဆို
ကျောက်ဆည်၊ ဇူလိုင် ၂၈၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD က ဖမ်းဆီးထားတဲ့ ကျောက်ဆည် ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တပ်ရင်းမှူးပြန်လွတ်လာပြီး ယခင်ရာထူးအတိုင်း တာဝန်ယူဆောင်ရွက်သွားမယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။
တပ်ရင်းမှူး စစ်နိုင်ကို MOD ရဲ့ စစ်ရေးအကျဥ်းထောင်မှာ ဖမ်းဆီးထားတာ ၃ လပြည့်ပြီးနောက် ဇူလိုင် ၂၇ ရက်မှာ တပ်ရင်းထံပြန်ရောက်လာတာလို့ ဆိုပါတယ်။
“MOD စစ်ဦးစီးဘက်က ၃ လပြည့်အောင်ချုပ်ခိုင်းလို့ မနေ့ကမှ ပြန်လွတ်လာပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ နှိပ်စက်တာတွေတော့မရှိဘူး။ အရင်ကတည်းက ရင်းမှူးမှာ ခေါင်းကိုက်တဲ့ ဝေဒနာရှိပါတယ်။ အခုတော့အရင်ထက်ပိုဆိုးနေတယ်လို့တော့ သိရတယ်”လို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တပ်ရင်းမှူးစစ်နိုင် ဖမ်းဆီးရတာဟာ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းအနေနဲ့ MOD ကို နုတ်ထွက်ခွင့်တင်ထားတဲ့ကိစ္စကို MOD ရဲ့ခွင့်ပြုချက်မရဘဲ တပ်ရင်းပေချ့်ကနေ လိုင်းပေါ် တင်လိုက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း စခန်းကနေ တပ်ရင်းမှူး စစ်နိုင်ကို TNLAရဲ့ ဒုတပ်မဟာမှူး ရာထူးရှိသူနဲ့အဖွဲ့က လာရောက်ဖမ်းခေါ်သွားပြီးနောက် MOD လက်အောက် မှာရှိတဲ့ မိုးကုတ်ဗျူဟာကိုလွှဲပေးခဲ့ပြီး အဲ့ကနေတဆင့် MODရဲ့ စစ်ရေးအကျဉ်းထောင်ကို ပို့ဆောင် ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် MOD အကျဥ်းထောင်အတွင်းမှာ ၂ လ နဲ့ ၁၀ ရက် ချုပ်နှောင်ခံခဲ့ရပြီးနောက် အကျယ်ချုပ်အနေနဲ့ ရက် ၂၀ ခန့်နေထိုင်ပြီးမှ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက NUG ကာကွယ်ရေး ဝန်ကြီး အောက်ကနေနုတ်ထွက်ကြောင်းစာတင်ခဲ့ပြီးနောက် ဧပြီ ၂၀ ရက်မှာ တပ်ရင်း ပေချ့်ကနေ နုတ်ထွက်စာကို ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂ ရက်မှာတော့ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းအနေနဲ့ နုတ်ထွက်စာအကြောင်း တင်ရတာက နားလည်မှုလွှဲမှားခြင်းသာဖြစ်ပြီး MOD တာဝန်ရှိသူတွေကိုလည်း တောင်းပန်တယ်လို့ ဆိုထားသလို MOD အောက်ကနေပင် တော်လှန်ရေးလုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စာထုတ်ပြန်ထားခဲ့ပါတယ်။
တပ်ရင်းမှူး ပြန်လွတ်လာတာဖြစ်လို့ တပ်ရင်းရဲ့ စစ်ရေးလုပ်ငန်း၊ မဟာမိတ်ဆက်ဆံရေးလုပ်ငန်းတွေ အပါအဝင် ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းရဲ့ကိစ္စရပ်ဆိုင်ရာများအားလုံးကို တပ်ရင်းမှူးကိုယ်တိုင် စီမံအုပ်ချုပ်ပြုလုပ်သွားမယ်လို့ ဇူလိုင် ၂၈ ရက်နေ့မှာ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
စာတည်း – လင်း