⁨ဆိုင်ကယ်စီးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ စောင့်ပစ်ခံရလို့ ၄ ဦးစလုံးသေပြီး သေနတ်နဲ့လက်ပစ်ဗုံးတွေကို PDF သိမ်းဆည်း

မြေလတ်အသံ၊ ဇူလိုင် ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အပိုင် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်မှာ Brave Heart Army – BHA ကထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၃ ရက်မနက် ၅ နာရီကျော်မှာ ချောင်းဦးမြို့၊ ထွေအုပ်ရုံးကနေ ဆိုင်ကယ် ၂ စီးနဲ့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဆည်မြောင်းရုံးအနီးရှိ မုံရွာ-မန္တလေးကားလမ်းမကြီးအရောက်မှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ချောင်းဦးမြို့ထွေအုပ်ရုံးကနေ ကင်းပုန်းဝပ်ဖို့နဲ့ဆက်ကြေးကောက်ဖို့ အစောကြီးထွက်လာကြတာပါဗျ။ သတင်းကြိုရလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ဘာမှကိုပြန်မပစ်နိုင်ကြတာပါ။ ကျနော်တို့ သတ်ကွင်းအလယ်ထိရောက်လာတော့ ခဏပဲပစ်လိုက်ရတာပါဗျ”လို့ Brave Heart Army – BHA တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်ချိန် ၁ မိနစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးလုံးသေဆုံးခဲ့ကာ သူတို့စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီး၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံး၊ ၅.၅၆ ကျည် ၄၀၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ BHAတာဝန်ခံက ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်အင်အား ၅၀ ခန့်နဲ့တပ်စွဲထားတဲ့ ထွေအုပ်ရုံးတပ်စခန်းကနေ ပစ်ခတ်မှုဖြစ်တဲ့နေရာဘက်ကို လက်နက်ကြီး ၅ ကြိမ်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Heart Army – BHA၊ ချောင်းဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ် တိုက်ခိုက်ရေးတပ်စိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ညပိုင်းမှာလည်း ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကင်ပွန်းတော်ရွာကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီသံပြားကာကား ၅ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၂ ဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။