15 July 2025 5:48 PM

myaelatt athan

Sharing Information to the Local

ကျောက်ကြီးမှာ တိုက်ပွဲအတွင်းပိတ်မိပြီးကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဖမ်းမိ၊ နမခက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး မုံရွာပကဖထံ ခိုလှုံလာ

မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်ခဲယမ်းတချို့နဲ့အတူ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒီကနေ့ ဇူလိုင် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူဟာ ကျောက်ကြီးနယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၂၀) လက်အောက် အသက် ၃၀ ကျော်ရှိ စစ်ကောင်စီတပ်သား ၁ ဦးဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေလုံခြုံရေးအတွက် တိုက်ကင်းပတ်နေစဉ် ဇူလိုင် ၁၀ ရက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားဟာ ဇွန် ၂၆ ရက်က စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးတိုက်ပွဲတွေအတွင်း ပိတ်မိကျန်ခဲ့သူဖြစ်ကာ ၎င်းကို ၁၀ ရက်ကျော်အကြာမှာ MA သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံတချို့နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဇွန် ၂၆ ရက်က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး၊ ၂၂ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကာ လက်နက်ခဲယမ်းမျိုးစုံအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သား ၃ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ မုံရွာမြို့နယ်ပကဖထံက သိရပါတယ်။

နမခမှာတာဝန်ကျနေတဲ့ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ် စစ်ကောင်စီတပ်သား ၃ ဦးဟာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး ဇူလိုင် ၁၃ ရက်က လက်နက်မဲ့ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

” ၂ ယောက်ကတော့ စစ်မှုထမ်းသက်က လပိုင်းပဲရှိသေးတာဗျ။ နောက် ၁ ယောက်ကတော့ ၁ နှစ်ကျော်ပြီဗျ” လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။

ဘက်ပြောင်းလာသူတပ်သား ၃ ဦးမှာ စစ်ကောင်စီတပ်ကကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်မှုမရှိတာကြောင့် ၎င်းတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပြီး ၎င်းတို့ဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၃ ရက်မှာလည်း နမခမှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်ငယ် ၃ လက် ကျည်ဘောက် ၈ ခုနဲ့ ပကဖထံ ဘက်ပြောင်းခိုလှုံလာခဲ့တာကြောင့် ၎င်းတို့ကို ငွေကျပ်သိန်း ၁၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။