ပွင့်ဖြူ၊ ရေပုတ်ကြီးရွာမှာ ပျူစောထီးတပ်ဖွဲ့ထဲဝင်ရောက်သူများနေပြီး ၂ လအတွင်း အင်အား ၆၀ ခန့်တိုးလာ

ပွင့်ဖြူ၊ ဇူလိုင် ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ရေပုတ်ကြီးကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ထဲကို ဝင်ရောက်တဲ့ ရွာခံအမျိုးသားတွေများနေပြီး ၂ လအတွင်း လူ ၆၀ ဦးခန့် ပျူစောထီးအင်အားတိုးမြင့်သွားတယ်လို့ သိရပါတယ်။

မူလက ရေပုတ်ကြီးကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာရှိရာကနေ ပြီးခဲ့တဲ့ မေနဲ့ဇွန်လ အတွင်းရွာခံအမျိုးသားတွေ ပျူစောထီးတပ်ဖွဲ့ထဲ ဝင်ရောက်မှုများလာပြီး လက်ရှိမှာ အင်အား ၇၀ ခန့် အထိရှိနေတယ်လို့ ဆိုပါတယ်။

“ အစက ရေပုတ်ကြီးကျေးရွာမှာ ပျူစောထီး အင်အားက ၁၀ ဦးလောက်ပဲရှိပါတယ်၊ နောက်ပိုင်းတော့ ရရှိတဲ့ငွေကြေးနဲ့ ဆန်ကို ပျူစောထီးထဲဝင်တဲ့သူတွေကို ပေးမယ်ဆိုပြီးကောက်တဲ့အတွက် အခုဆိုရင် ၁ လချင်း ၁ လချင်းမှာ ပျူစောထီး အင်အားက ၁ လ ကို ၃၀ ဦးနဲ့ ၂ လအတွင်းမှာ ၆၀ ဦးလောက် တိုးလာတယ်၊ အဲ့ဒီတိုးလာတဲ့ လူတွေကိုပေးဖို့ ကောက်နေတာ၊ မေလကစပြီးကောက်နေတာ ၃ လရှိပါပြီ” လို့ ရေပုတ်ကြီးရွာခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေပုတ်ကြီးရွာပျူစောထီးခေါင်းဆောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပျူစောထီးတပ်ဖွဲ့ထဲဝင်ရောက်သူတွေအနေနဲ့ ၎င်းတို့တပ်ဖွဲ့ကိုထောက်ပံ့ဖို့လစဥ်ကြေးပေးဆောင်ဖို့မလိုတဲ့အပြင် လစဥ်ဆန် ၁ အိတ်နဲ့ ငွေ ၅ သောင်းရရှိမယ်ဆိုကာ ပြောဆိုစည်းရုံးမှုတွေကြောင့်လည်း အခုလိုဝင်ရောက်သူ များပြားလာတာလို့ အထက်ပါဒေသခံက သုံးသပ်ပြောဆိုပါတယ်။

ရေပုတ်ကြီးရွာကို ပျူစောထီးခေါင်းဆောင် ကိုဖိုးဌေး၊ အုပ်ချုပ်ရေးမှူး ကိုလူဝင်း၊ ဒုခေါင်းဆောင် ကိုဝင်းလှိုင်တို့က ဦးစီးပြီးတော့ စလင်းမြို့အခြေစိုက် ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်တွေက ကာဘိုင်နဲ့ G3 လက်နက်ငယ် ၂၅ လက် တပ်ဆင်ပေးထားတာလို့ သိရပါတယ်။

ရေပုတ်ကြီးကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ကျော်ရှိ ရွာကြီးဖြစ်ပြီး ပွင့်ဖြူမြို့နဲ့ ၆ မိုင်ခန့်၊ ပျူစောထီးအားကောင်းတဲ့ ကျောက်ကုန်းကြီးရွာနဲ့ ၂ မိုင်ခန့်သာကွာဝေးတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က ပွင့်ဖြုမြို့နယ်အတွင်း တပ်စခန်းတွေကို လူလက်နက်အင်အား ဖြည့်တင်းတာတွေရှိသလို၊ ကျေးရွာတွေက ပျူစောထီးတပ်ဖွဲ့တွေကိုလည်း လက်နက်ခဲယမ်းတိုးမြှင့် တပ်ဆင်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။