15 July 2025 5:48 PM

myaelatt athan

Sharing Information to the Local

သပိတ်ကျင်းက လီဆူအများစုနေတဲ့ရွာ ဗုံးကြဲခံရလို့ ၁ နှစ်သားကလေးမိသားစုအပါ ၆ ဦးသေဆုံး

သပိတ်ကျင်း၊ ဇူလိုင် ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က လီဆူဒေသခံတွေအများဆုံးနေထိုင်တဲ့ ပိုးဇာနွယ်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်သားကလေးမိသားစုအပါ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇူလိုင် ၁၄ ရက် ယမန်နေ့ညနေ ၅ နာရီကျော်လောက်က တိုက်လေယာဥ် ၁ စီးနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း လီဆူခရစ်ယာန်အသင်းတော်ဘုရားကျောင်းအနီး နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” သေဆုံးသွားတဲ့ ၆ ယောက်ထဲမှာ ၄ ယောက်က မိသားစုလိုက်ကို သေဆုံးတာပါ။ ကျန်တဲ့ ၂ ယောက်ကတော့ အဲ့အိမ်ကိုအလည်လာတဲ့ ကလေးမလေးတွေ ပါ သွားကြတာ။ ပိုးဇာရွာထဲရဲ့ ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကြဲချပုံရတယ်ဗျ။ အဲ့ကျောင်းပတ်ပတ်လည်အနီးက နေအိမ်တွေပေါ်ကိုဘဲ ဗုံးကျပေါက်ကွဲတာ။ ပျက်စီးဆုံးရှုံးမှုလည်း များတယ်” လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိုးဇာရွာနေ လီဆူဒေသခံတွေဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်ဟွမ်မဆီး၊ သားဖြစ်သူ အသက် ၁ နှစ်အရွယ် မောင်သောင်းစာ၊ သမီးတွေဖြစ်တဲ့ အသက် ၁၁ နှစ် မသောင်းမလေး၊ အသက် ၁၄ နှစ် မသောင်းမီးသာနဲ့ အိမ်နီးချင်းမိန်းကလေးတွေဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် မနောမစာ၊ မဟဲဘိုမီး တို့ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ် ၃ လုံး၊ ဆိုင်ကယ် ၂ စီးနဲ့ ကား ၁ စီး ပျက်စီးခဲ့ကာ သေဆုံးသွားခဲ့တဲ့ အရပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဇူလိုင် ၁၅ ရက် ဒီကနေ့မှာ စျာပန ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံခဲ့ရတဲ့ ပိုးဇာနွယ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးရှိပြီး ခရစ်ယာန်ဘာသာဝင် လီဆူတိုင်းရင်းသားအများစုနေထိုင်တဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို ဗုံးကြဲချခဲ့လို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။