myaelatt athan

Sharing Information to the Local

မီးရှို့ခံရတဲ့အိမ်တွေ ပြန်တည်ဆောက်ရတာများလို့ ထန်းရွက်တွေ ရှားပါးလာ

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးရတာတွေ များပြားလာလို့ အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ထန်းရွက်တွေ ရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်ကတော့ ရာသီပြောင်းချိန်တွေမှာပဲ အိမ်အမိုးလဲဖို့အတွက် အသုံးပြုကြလေ့ရှိပြီး အခုကတော့ ရွာလုံးကျွတ်တွေ ပြန်လည်ထူထောင်ရတဲ့အတွက် ထန်းရွက်ခုတ်ယူမှုနှုန်းတွေ အဆမတန်များလာကာ စတင်ရှားပါးလာပြီလို့ ဆိုပါတယ်။

“ဟိုးနှစ်တွေတော့ ပုံမှန်အမိုးလဲတာလောက်ပဲ။ ခုဟာကျ အစကနေအဆုံးထိ ရွာလုံးကျွတ်ကြီး ပြန်ဆောက်ရတာဆိုတော့ တော်တော်လေးတော့ ကုန်တာပေါ့။ အိမ်တလုံးကို ထန်းရွက် ၃၅၀ လောက် ကုန်တယ်။ တပင်မှ အလွန်ဆုံးရ အရွက် ၃၀၊ အဲ့အရွက် ၃၀ ကလည်း တကယ်ကိုမှ အပင်ကိုဝဲကျနေတဲ့ဟာမှ ရတာ။ အိမ်တလုံးကို အနည်းဆုံး ၁၀ ပင် ၁၅ ပင်လောက်ကုန်တယ်” လို့ စစ်ရှောင်တွေအတွက် နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးနေတဲ့ S&C အဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသူတွေအနေနဲ့လည်း အမိုးအကာလုပ်ဖို့အတွက် မိုးကာ၊ သွပ်နဲ့၊ တခြားအစားထိုးပစ္စည်းတွေ သုံးဖို့ စီစဉ်နေကြပြီး အိမ်တလုံးကို ၅ သိန်းဝန်းကျင်နဲ့ ကုန်ကျစရိတ် ပိုများသွားနိုင်တဲ့အတွက် ငွေကြေးအခက်ခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဒေသမှာ နေ့စဥ်နဲ့အမျှ မီးရှို့ခံနေရတော့ ထန်းရွက်ရှားလာတာပါ။ ၂ ခန်းတွဲ အိမ်တလုံးကို ထန်းရွက် ၂၅၀ ကနေ ၃၀၀ လောက်ကုန်ပါတယ်။ လူများလို့ တဲ့၊ ဇောင်းပါထပ်ထည့်ရင် ၃၀၀ ကျော် ၄၀၀ လောက်ကုန်ပါတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်အတွင်း မီးရှို့ဖျက်ဆီးခံရမှုတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပြီး၊ နေအိမ် ၄၃၂၁၆ လုံးထပ်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ISP Myanmarရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။