26 July 2026 9:39 PM

စစ်ကောင်စီမီးရှို့လို့ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါး ပျံလွန်တော်မူ

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ပံလှကျေးရွာက နေအိမ် ၂၅၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ မီးရှို့တဲ့အထဲမှာ အသက် ၇၀ ကျော် သီလရှင်ဆရာကြီးတပါးလည်း ပါဝင်ကာ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေက အင်အား ၁၀၀ နီးပါးနဲ့ လက်ပံလှကျေးရွာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စတင်ဝင်ရောက်ခဲ့ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင်၊ နာမကျန်းဖြစ်နေလို့ ထွက်‌မပြေးနိုင်တဲ့ အသက် (၇၀) သီလရှင်ဆရာကြီး တပါးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“မီးရှို့ခံရတဲ့ ဆရာလေးက အသက်ကြီးမှ သီလရှင်ဝတ်တာပါ။ စစ်ကိုင်းကနေ သီလရှင်ဝတ်ပြီး ရွာကိုပြန်လာနေတာပါ။ ရွာမှာက သီလရှင်ကျောင်းမရှိတော့ အိမ်မှာပဲ နေတာပါ ။ ဆရာလေးက လက်ပံလှရွာသားပါပဲ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နေအိမ်တွေကို မီးရှို့ပြီး ညနေ ၅ နာရီကျော်လောက်မှာတော့ လက်ပံလှကျေးရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ လက်ပံလှကျေးရွာဟာ အခုလို မီးရှို့ခံရတာဟာ ဒုတိယအကြိမ် ရှိပြီးဖြစ်တယ်လို့လည်း တာဝန်ခံက ဆက်ပြောပါတယ်။

“ကျတော်မှတ်မိသလောက် ပြီးခဲ့တဲ့ ၆ /၇ လပိုင်းလောက်က လက်ပံလှကျေးရွာက နေအိမ် ၁၄ လုံးကို စစ်ကောင်စီက မီးရှို့သွားပါတယ်။ အခုက ဒုတိယအကြိမ် မီးရှို့ခံရတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာထဲက ပြန်လည်ထွက်ခွာသွားပေမဲ့လည်း ဒေသခံတွေက ရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ခင်ဦးမြို့နယ်ထဲက သနပ်စိန်ကျေးရွာ၊‌ စောကြီးကျေးရွာ၊ ကွမ်းတိုင်းကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာ၊ လောင်းရှည်ကျေးရွာနဲ့ ချောင်းဆုံကျေးရွာ ၇ ရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။