ညောင်လေးပင်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ 9 Stars UG အဖွဲ့ဆီက သိရပါတယ်။
ကောလင်း၊ ဒီဇင်ဘာ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလတောင်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်တပ်စွဲနေတဲ့ သစ်ဖုလရွာကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကနေစလို့ တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ကာ ၁၉ ရက် မနေ့က မနက်ပိုင်းအထိတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“သစ်ဖုလမှာ တပ်စွဲထားတဲ့စကစကို ကိုယ့်ဘက်ကသွားတိုက်တာပေါ့။ စကစဘက်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်းရှိတယ်။ အထိအတွေ့မှာတော့ ရဲဘော် တယောက်ကျတယ်”လို့ တိုက်ပွဲအခြေအနေကိုသိရှိသူတဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်ကအဲ့ဒီတောင်မှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။ သစ်ဖုလတောင်ကို စစ်တပ်က ၂၀၂၁ အာဏာသိမ်းကတည်းက တပ်စွဲထားတာပါ။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် မနေ့က မနက် ၁၀ နာရီလောက်မှာလည်း သစ်ဖုလတောင်အနီးက ကျောက်တန်းရွာကို လေကြောင်းတိုက်ခိုက်ကာ စက်လက်တွေနဲ့လည်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၂ နာရီမှာလည်း ကြိုးကြာဥရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ လုံးပျက်စီးပြီး ကျောင်းဝန်းအတွင်း စပါးလှန်းနေတဲ့အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲအခြေအနေကိုသိရှိသူတဦးက ပြောပါတယ်။
အဲ့ဒီနောက် မနေ့ကညပိုင်းမှာလည်း ဝန်းသို ၁၀၁ တပ်ကနေ ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်း – မြတ်
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ချန်ထဘူရီခရိုင်မှာ စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပုံးအတွင်း မြန်မာအမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကတဆင့် ခြေရာခံခဲ့ပြီး စမွတ်ဆာခွန်ခရိုင်မှာ ပုန်းအောင်းနေတဲ့ အသက် ၃၀ အရွယ် တရားခံကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၅။
မြန်မာနိုင်ငံသားအမျိုးသားတဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် စည်ပိုင်းအတွင်းထည့်ကာ အလောင်းစွန့်ပစ်ခဲ့တဲ့ တရားခံဖြစ်သူ မြန်မာအမျိုးသားကို ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ချန်ထဘူရီတရားရုံးဖမ်းဝရမ်းနဲ့ စမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့မြို့၊ ဖစ်ကစင်လမ်းမှာ ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့အမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား အသက် ၃၀ အရွယ် အဆိုပါအမျိုးသားကတော့ ဖမ်းဝရမ်းထုတ်ခံထားရတာမှန်ပေမယ့် လူသတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိကြောင်းနဲ့ စွဲချက်အားလုံးကို ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ချန်ထဘူရီခရိုင်၊ နာယိုင်အိုင်မြို့နယ်၊ နာယိုင်အိုင်ရွာအနီးရှိ ဝါးရုံတခုအနီး စွန့်ပစ်ထားတဲ့ပလပ်စတစ်ပုံးအမည်းအတွင်း ပုပ်ပွနေတဲ့အလောင်းကိုဒေသခံတွေတွေ့ရှိရာမှ ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာလို့ သိရပါတယ်။
အဆိုပါ ပလပ်စတစ်အမှိုက်ပုံးကို နိုဝင်ဘာ ၂၉ ရက်ကတည်းက လာရောက်စွန့်ပစ်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်မှာတော့ အမှိုက်ပုံးအတွင်းမှ လက်နဲ့ခြေထောက်တွေကို ကြိုးတုပ်ကာ ပုဆိုး၊ စောင်၊ ပလပ်စတစ်အိတ်တွေနဲ့အထပ်ထပ်ပတ်ထားတဲ့ အသက် ၄၀ ဝန်းကျင်ခန့်ရှိ မြန်မာနိုင်ငံသားအလောင်းကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအရ လူသတ်မှုမှာ ကျူးလွန်သူ ၃ ဦးပါဝင်ကြောင်းဖော်ထုတ်နိုင်ခဲ့ကာ အခင်းဖြစ်နေရာအနီးရှိ CCTV မှတ်တမ်းတွေကနေတဆင့် သံသယဖြစ်ဖွယ်ကား ၁ စီးကို ခြေရာခံနိုင်ခဲ့ပြီး စမွတ်ဆာခွန်မှာ ပုန်းအောင်နေတဲ့တရားခံကို လက်ရှိမှာဖမ်းဆီးထားပြီဖြစ်တာကြောင့် ကျန်တရားခံပြေး ၂ ဦးကိုလည်း ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
ဖမ်းဆီးခံရသူက ပြစ်မှုကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ရရှိထားပြီးဖြစ်လို့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်ဆို ပြောဆိုထားပြီး လက်ရှိမှာ တရားခံကို နာယိုင်အိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မိုးကုတ်၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ညောင်သုံးပင် ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်တွေကဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
မိုးကုတ်မြို့၊ ဂေါက်ကွင်းအနီးက ညောင်သုံးပင်ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီ လောက်မှာဒရုန်းနဲ့ Drop ဗုံး ၃ လုံးနဲ့ ကြဲချခဲ့တာလို့ စစ်ရေးသတင်းအရင်းမြစ် တွေဆီက သိရပါတယ်။
မြို့တွင်းရှိနေတဲ့ပြည်သူတဦးကတော့ “ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်တယ်။ ဆက်တိုက်ပဲ။ ဂေါက်ကွင်းဘေးလို့ပဲသိရတယ်။ အထိအခိုက်မသိရဘူး”လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဗျူဟာကုန်း၊ ညောင်သုံးပင်ဘုန်းကြီး ကျောင်း၊ ဆေးရုံကြီး၊ ပညာရေးမှူးရုံး၊ (အထက-၁) အောင်နန်း၊ ပန်းမထိပ်ဂိတ်၊ ပိန်းပြစ် ၅ မိုင်ဂိတ်၊ ဆတ်အင်းပြန့် စတဲ့နေရာတချို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်တွေတပ်စွဲချိန်ကစလို့ ညောင်သုံးပင်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေ နေထိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
လက်ရှိမိုးကုတ်မှာ မြေပြင်တိုက်ပွဲတွေငြိမ်သက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေချဲ့ကာ ရှေ့တိုးနေတာတွေရှိနေပြီး စစ်ကော်မရှင်ဘက်ကလည်း တင့်ကား ၂ စီးနဲ့ ဟောင်ဝစ်ဇာတွေ မြို့ထဲပို့ဆောင်ထားတယ်လို့ မြို့တွင်းမှာ ရှိနေတဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။
အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
သတင်း – မြတ်
စဉ့်ကူး၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာကိုသိမ်းပိုက်ပြီး ရွာအနီးတဝိုက်တပ်စွဲတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ရွာအနီးဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ စက်လှေတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မှာ ထုံးကြီးရွာမြောက်ဘက်ရှိ ခွေးကျွန်းကနေပြီး ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ ပြည်သူစက်လှေတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဆင်ကျွန်းရွာက အမျိုးသား ၁ ဦးထိမှန်သေဆုံးခဲ့ပြီး ၁ ဦးကတော့ မြစ်ထဲခုန်ပြီးထွက်ပြေးတာကြောင့် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၅ ရက် မနေ့ကနေ့လယ် ၁၂ နာရီမှာလည်း ထုံးကြီးရွာရဲ့ မြောက်ဘက်ကနေ ထပ်မံပြီး စက်လှေတွေကိုပစ်ခတ်ခဲ့တာကြောင့် စက်လှေပေါ်မှာပါတဲ့ စဉ့်ကူးမြို့နယ်၊ ဆည်သည်ရွာက အသက် ၅၀ ဝန်းကျင် အမျိုးသမီးသေဆုံးခဲ့တာလို့ သိရပါတယ်။
“ကုန်ပို့ကြတဲ့ပြည်သူတွေ၊ အသွားတုန်းက မပစ်ဘူး။ အခုက တော်တော်ပစ်နေတာလို့ပြောတယ်။ ပြန်မဆင်းရဲလို့ အဲ့ဒီအထက်တင် ပိတ်မိနေတဲ့စက်လှေတွေလည်း တော်တော်များတယ်လို့ သိရတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။
ထုံးကြီးရွာကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်ခဲ့တဲ့အတွက် စဉ့်ကူးမြို့နယ်၊ အောက်ပိုင်း ကျေးရွာတွေကနေ ဆည်သည်ရွာကို ကုန်သွားပို့တဲ့သူတွေဟာ ထုံးကြီးရွာအနောက်ဘက် ဧရာဝတီမြစ်ကိုစုန်ရမှာကြောင့် အဲ့ဒီနေ့ကနေ ဒီနေ့အထိ ထုံးကြီးရွာနဲ့ စဉ့်ကူးမြို့ကြားထဲက ရွာတွေမှာပိတ်မိနေကြတယ်လို့ သိရပါတယ်။
ထုံးကြီးဆိပ်ကမ်းဟာ မန္တလေးကနေတဆင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကနေ ထုံးကြီးဆိပ်ကမ်းကို ဖြတ်ကာ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။
သတင်း – မြတ်
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မရရှိတာကြောင့် မိခင်ဖြစ်သူကွယ်လွန်သွားပြီလားဆိုတာတောင် သိနိုင်မှမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်က ရိုက်တာ သတင်းဌာနနဲ့အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
ကင်မ်အဲရစ်က သူ့ရဲ့ အသက် ၈၀ အရွယ်မိခင်နဲ့ နှစ်အတော်ကြာ အဆက်အသွယ်မရခဲ့ကြောင်းနဲ့ ၂၀၂၁ ခုနှစ် ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ၊ အရိုးနဲ့ သွားဖုံးရောဂါတွေ ခံစားနေရကြောင်းကို တဆင့်စကားနဲ့သာကြားသိရကြောင်း ဆိုပါတယ်။
“ကျနော်သိသလောက်ဆိုရင် အခုအချိန်မှာ သူက သေဆုံးနေပြီးသားလည်း ဖြစ်နိုင်ပါတယ်။ သူ့မှာ ကျန်းမာရေးပြသနာတွေ ရှိနေပါတယ်။ ၂ နှစ်ကျော်ကြာတဲ့အထိ ဘယ်သူမှ သူ့ကို တွေ့ခွင့်မရခဲ့ဘူး။ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်ပေးမထားဘူး။ မိသားစုနဲ့ဆိုရင် ပိုလို့တောင်ဆိုးသေးတယ်” လို့ ကင်မ် က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က တိုကျိုမှာပြုလုပ်ခဲ့တဲ့ All In One Piece Movement (နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ လှုပ်ရှားမှု) မှာ ကင်မ် က ရိုက်တာသတင်းဌာနကို အခုလို ဖြေကြားခဲ့တာပါ။
အဲ့ဒီ လှုပ်ရှားမှုမှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် ဂျပန်ခရီးစဉ်အတွင်းမှာ ဂျပန်နိုင်ငံရေးသမားတွေ အစိုးရအရာရှိတွေနဲ့တွေ့ဆုံခဲ့ပြီး စစ်ကော်မရှင်ကို ပိုမိုပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ဖို့နဲ့ စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက်လည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနေ့ကညနေပိုင်းမှာ စစ်ကော်မရှင်တပ်တွေက မိုးကုတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းရွာကို လေကြောင်းကနေဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်နေတာပါ။ စကစက သူတို့ကအထိနာလာရင် ဘယ်ပြည်သူ့မျက်နှာမှမကြည့်ပါဘူး။ လေကြောင်းကနေ ကြဲတာပါပဲ။ တိုက်ပွဲနယ်မြေဖြစ်နေလို့ အထိအခိုက်ကို ကျနော်တို့လည်း သွားကြည့်လို့မရပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက အထက (၁) ကျောင်းနဲ့ ဆေးရုံကြီးမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်တွေကို ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၉ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင် ဆေးရုံကြီးမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသူတွေကို ဒန့်ဒကူးတောင်က မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်တာကို တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး မနေ့ကညနေပိုင်းစစ်ကော်မရှင်တပ်က သစ်စိမ့်ကုန်းရွာအပါ မိုးကုတ်မြို့အနီးဝန်းကျင်ကို လေကြောင်းသုံးပြီးတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ဒီနေ့အထိ မိုးကုတ်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ သိရကာ တိုက်ပွဲတွင်းထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက် စုံစမ်းနေပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။
အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
သတင်း – မြတ်
ကောလင်း၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကန်ပေါက်တာရွာနဲ့ တံစူးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲချခဲ့တာကြောင့် ကလေးမိခင် ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကန်ပေါက်တာရွာကို ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီခွဲမှာ ၁ ကြိမ်၊ ၉ နာရီ ၃၆ မိနစ်မှာ ၁ ကြိမ် တံတားဦးလေတပ်ဘက်ကလာတဲ့ဂျက်ဖိုက်တာ ၁ စီးနဲ့ဗုံးကြဲခဲ့ပြီး ည ၁၀ နာရီ ၅၈ မိနစ်မှာလည်း တံစူးရွာကိုလည်း မိတ္ထီလာတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။


“ပထမတရွာကို ကြဲတာ နေအိမ်ပေါ်ကျပြီး ကလေးမိခင်သေတာ၊ ကလေး ၂ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သိရတယ်။ အမျိုးသားဖြစ်သူက ဝါးခုတ်သွားလို့ လွတ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ကန်ပေါက်တောရွာက မိခင်အမျိုးသမီး ၁ ဦးဖြစ်ပြီး ၆ နှစ်အရွယ်သမီးဖြစ်သူနဲ့ ၃ လသားအရွယ် ယောကျာ်းလေး ၁ ဦးကတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


တံစူးရွာ လေကြောင်းတိုက်ခံရမှုမှာ အဆောက်အဦတွေ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ကသာမြို့နယ်တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – မြတ်