မြေလတ်အသံ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
ကျနော် ငယ်ငယ်ကတည်းက မှတ်မိသလောက်ပြောရရင် အညာမှာ သီတင်းကျွတ်ကာလရောက်ရင် အအေးဓာတ်စဝင်တော့တာပဲ။ တန်ဆောင်တိုင်လောက်ဆိုရင်တော့ တော်တော်ကို အေးပါပြီ။
ဒီနှစ်ကတော့ အေးတဲ့အချိန်ရောက်တာ နောက်ကျတယ်ပြောရမယ်။ တန်ဆောင်တိုင်အပြီးမှ အအေးဓာတ်က ကဲလာပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အညာမှာ သိပ်ပျော်စရာမကောင်းလှဘူး။ ဆောင်းဝင်စအထိ မိုးကလည်း တဖြောက်ဖြောက်ရွာတယ်။ မိုးရာသီကုန်တဲ့အထိ မိုးမပြတ်သေးတော့ အညာက စပါးခင်းတွေ မြေခကုန်တယ်။ အပင်တွေ ဝပ်ကုန်တယ်။
အမြဲမပြတ် ရေသွင်းနေရတဲ့ စပါးခင်းတွေမှာ စပါးပင်တွေက ဝပ်ကုန်တော့ ရေထဲစပါးနှံတွေ ကျကုန်တာပေါ့။ စပါးတွေ ပုပ်ကြ၊ အထွက်တွေ လျော့ကြ၊ ရွေးကောက်ပွဲကာလလည်းလုပ်ဖို့ရှိတော့ စစ်ကော်မရှင်က ဖားဖားလျားလျားဆန်စျေးချဖို့ စပါးစျေးတွေပါ လျှော့ဝယ်ပုံရပါတယ်။ ဒါ့ကြောင့် စပါးစျေးလည်းမကောင်းဘူးလို့ တောင်သူတွေက ပြောတယ်။
ကိုယ်က တောင်သူအလုပ်မလုပ်တတ်တော့ ဟိုသွား ဒီသွားပေါ့။ တောင်သူသိမ်းချိန်အပြီး အောက်တိုဘာ ၁၉ ရက်မှာ အနီးစပ်ဆုံးဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီကစစ်ကြောင်းထိုးလို့ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ကြရတယ်။
အဲ့ဒီနောက် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့တခုကလည်း ကိုကျော်စွာလိုက်ဦးမလား ဘာညာ ပြောတာနဲ့ ဆောင်းအစ နိုဝင်ဘာတတိယအပတ်လောက်မှာတင် ခရီးလေးဘာလေး ပတ်သွား ဖြစ်ခဲ့တယ်။
ထောင်ချီတဲ့ ဆားလင်းကြီး စစ်ဘေးရှောင်တွေက နေရာတခုတည်းမှာနေကြတာမဟုတ်တော့ တနေရာပြီးတနေရာသွားရင်း စစ်ရှောင်တွေဘယ်လိုနေနေရတယ်၊ ဘယ်လိုစားနေရတယ် ဆိုတာတွေကို ဖုန်းကင်မရာလေးနဲ့ ပတ်ရိုက်တယ်။
တခါတော့ ကျနော်တို့ရှိတဲ့နေရာကို စစ်ဘေးရှောင်လာတဲ့ ဦးလေးကြီးတယောက်က “မင်းတို့ ဆန်တွေလာပို့တာ ကျေးဇူးတင်သကွာ၊ ဒီလိုအဖွဲ့လေးတွေ ရောက်လာလို့သာ ငါတို့လည်း ထမင်းမငတ်တာ။” လို့ ပြောပြီးရောက်လာပါတယ်။
အဲဒီနေ့က ကျနော်ဟာ အပေါ်မှာပြောခဲ့တဲ့ စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ ဆန်သွားပို့တာပါ။ ဦးလေးကြီးက “ရေနွေးလေး ဘာလေး သောက်ပါဦးလား” ဆိုပြီး သူ့နေထိုင်တဲ့နေရာဆီကိုလိုက်ဖို့ ဖိတ်တယ်။ ကျနော် ငြင်းလိုက်ပါတယ်။ “ပြန်ရဦးမှာဗျ၊” နောက်ကျလို့ မရလို့ပါ ဘာညာပေါ့။ ဒါပေမယ့် ကျနော်က ဓာတ်ပုံတွေပတ်ရိုက်ချင်သေးတာပါ။ သူ့ဆီလိုက်မသွားဖြစ်ပေမယ့် အဲ့ဒီကနေ တော်တော်နဲ့ မပြန်ဖြစ်ပါဘူး။
စစ်ဘေးရှောင်စခန်းပေါင်းစုံဆီ ရောက်ခဲ့ရတော့ သူတို့ကျွေးတဲ့ မုန့်တွေ၊ လက်ဖက်ရည်၊ အအေးကအစ စားဖို့သောက်ဖို့ အားနာနေတတ်ပါပြီ။ ကိုယ်က သေးသေးမွှားမွှားပဲဖြစ်ဖြစ်၊ တခုခု သွားကူညီဖြစ်ရင်တောင် အညာသူအညာသားတွေဆိုတော့သိတဲ့အတိုင်း လောကွတ်အင်မတန်ကောင်းတာ ကိုးဗျ။
ဒီလိုနဲ့ နောက်ပိုင်းတော့ ထမင်းကျွေးလည်း မစား၊ အအေးတိုက်လည်း မသောက် နေလာလိုက်တာ၊ အခုတခါလည်း ထပ်ငြင်းလိုက်ပါတယ်။
နိုဝင်ဘာနှောင်းပိုင်းလည်းရောက်လာတော့ အအေးဓာတ်က တော်တော်ကဲလာပါပြီ။ စစ်ရှောင်တွေရဲ့ အဝတ်တန်းတွေမှာလည်း အနွေးထည်တွေရောက်နေပါပြီ။
တချို့ကတော့ ဘာမှပါမလာကြဘူးထင်ပါတယ်။ အနွေးထည်ဝေပေးတဲ့လူတွေရှိရင် လာယူကြတယ်။ ဆားလင်းကြီးမှာလည်း တောင်သူက အများဆုံးဆိုတော့ တောထဲ ယာသွားလုပ်နေချိန် စစ်ကြောင်းထိုးလာရင် အိမ်တန်းမပြန်နိုင်ဘဲ စစ်ရှောင်တွေရှိတဲ့ဆီ လာစုရတာမျိုးတွေကလည်း ရှိတာကိုး။ ဒီလိုနဲ့ သူတို့လည်း အိုးပစ် အိမ်ပစ် လနဲ့ချီနေပါပြီတဲ့။
ဆောင်းကအေးလာလေ စစ်ရှောင်တွေအတွက်ကလည်း အခက်အခဲတွေ ပိုတိုးလာလေပါပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ၊ လှည်းတွေနဲ့ သူတို့နိုင်သမျှ သယ်ခဲ့ရသူတွေရှိသလို ခြေလျင်ပြေးလာရတဲ့ လူတွေ၊ စက်ဘီးစီးလာရတဲ့လူတွေကလည်း ရှိသေးတယ်။ ဆိုတော့ အဲဒီလို ခြေလျင်သမား၊ စက်ဘီးသမားတွေအတွက်ကျ စောင်အထူကြီးတွေ၊ အဝတ်အစားအိတ် အကြီးကြီးတွေတော့ သယ်မလာနိုင်ကြဘူး။
အဲဒီက ပြန်လာတော့ ကျနော်လည်း သိသမျှ ကူကယ်အဖွဲ့လေးတွေကို စစ်ရှောင်တွေအတွက် အနွေးထည်နဲ့ စောင်တွေလိုကြောင်း ပြောပြဖြစ်တယ်။
ပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ ယင်းမာပင်မြို့နယ်ဖက်က ကာလရှည်စစ်ရှောင်တွေဆီ ဆက်ပြီးရောက်ဖြစ်ပါတယ်။ သူတို့ဆီကို အရင်ကလည်း ရောက်ဖြစ်ဖူးတော့ အလည်အပတ်အနေနဲ့ပဲ သွားဖြစ်တာမျိုးပါ။ ကျနော် မနက်စောစော ဆိုင်ကယ်နဲ့ ထွက်သွားလိုက်ပါတယ်။
စစ်ဘေးရှောင်စခန်းကိုရောက်တော့ အဖွားကြီးတွေ၊ ဦးလေးကြီးတွေက စစ်ရှောင်တဲကုပ်ကုပ်လေးတွေရှေ့မှာ ရှားသား၊ ဒဟတ်သား၊ တမာသား၊ ထန်းလက်၊ ပံခွတွေနဲ့ မီးဖိုလှုံပြီး စကားပြောနေကြတာ ၄ တဲမှာ ၁ တဲလောက် တွေ့ရပါတယ်။
ကျနော့်အကို ရဲဘော်ကြီးတယောက်ရဲ့အမေနဲ့က မျက်မှန်းတန်းမိတော့ သူတို့တဲဆီပဲ သွားလိုက်တယ်။ အရက်တခေါက်က ရောက်တဲ့အတိုင်းပဲ။ သူတို့တဲမှာ မွေးထားတဲ့ခွေးက ကျနော့်ကိုဟောင်ပြီး အရင်နှုတ်ဆက်တယ်။ ပြီးမှ အဒေါ်ကြီးက ခွေးကို ငြိမ်ငြိမ်နေဖို့ ငေါက်ရင်း မီးဖိုတဲထဲက ထွက်လာတယ်။ ပြီးတော့ ခွေးကို ကြိုးချည်လိုက်တယ်။
“ကျနော့်ကို မှတ်မိသေးလား” ဆိုပြီးနှုတ်ဆက်တော့ မှတ်မိကြောင်းပြောတာနဲ့ တဲထဲကိုဝင်ခဲ့တယ်။ ဦးလေးကတော့ ကျနော်တို့စကားပြောနေမှ နောက်ဖေးက ထွက်လာတယ်။ “ဟ ဘာလုပ်လာတာလဲ၊ မနက်ခင်းကြီးကို” ဆိုပြီး နှုတ်ဆက်တော့ ဘာမှ ရေရေရာရာမဟုတ်ကြောင်းပြောပြီး ဒီစခန်းက စစ်ရှောင်တွေ အဆင်ပြေရဲ့လား၊ ပြေလည်ကြရဲ့လား၊ အလုပ်အကိုင် ရှိကြရဲ့လား မေးမိပါတယ်။
“ကိုင်း၊ လာကွာ ဟိုဖက်တဲမှာ မီးလှုံရင်း စကားပြောကြတာပေါ့။” လို့ ခေါ်တာနဲ့ သူက ရှေ့က ရေနွးဓာတ်ဘူးကိုကိုင်၊ ကျနော်က ရေနွေးပန်းကန် ၂လုံးယူခဲ့ပြီး မျက်နှာချင်းဆိုင်က တဲကို ထွက်လာခဲ့ကြတယ်။
အဲဒီမီးဖိုမှာလည်း လူ ၃ ယောက် မီးလှုံနေကြတယ်။ ဦးလေး ၂ ယောက်က ဖျင်ကြမ်းအင်္ကျီနဲ့ ပုဆိုးနဲ့။ ကျနော့်ရဲဘော် အကိုကြီးရဲ့အဖေနဲ့ နောက် ၁ ယောက်ကတော့ အနွေးထည် ကိုယ်စီ။ အားလုံးကတော့ အသက် ၅၀ ကျော်တွေချည်းပါ။
ဒီလိုနဲ့ စကားစမြည် ဟိုပြော ဒီပြော ပြောကြရင်း သူတို့အကြောင်း ပြောပြတယ်။ ဘယ်ကတည်းက ရှောင်လာရတာ၊ စခန်းမှာ ဘာတွေဖြစ်နေတာ အစုံပေါ့ဗျာ။
သူတို့ စစ်ဘေးရှောင်နေရတာ ၄ နှစ်ရှိပါပြီ။ ပျူရွာကနေ ထွက်ပြေးလာကြရတာ။ ၂၀၂၁ နှစ်ကုန်ပိုင်း ကစပြီး သူတို့ဇာတိ ဘန့်ဘွေးရွာကို ပျူစောထီးတွေက အထိုင်ချလိုက်တာ။ ရွာထဲမှာ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ကြက်ကအစ MA သေနတ်နဲ့ ပစ်စားနေကြတော့ သူတို့လည်း မနေရဲတော့လို့ ထွက်ပြေးလာကြရတာ။
အဲဒီရွာသားတွေလည်း ပျူစောထီးထဲ ဝင်သွားကြတာ မနည်းလှဘူး။ သူတို့ ဒီဖက်ကို စစ်ရှောင်စခန်းဆောက်ပြီး လာနေတဲ့နောက် ခရမ်းချဉ်တို့ ဘာတို့၊ သူတို့ ယာထွက်သီးနှံတွေ ရောင်းဖို့ မုံရွာကိုသွားရင်း လမ်းမှာ ၇ ယောက်ထက်မနည်း ဖမ်းခံလိုက်ရတဲ့ အကြောင်းတွေ ပြောပြတယ်။ ကျနော့်ရှေ့က မီးဖိုလိုပဲ ကျနော်လည်း ထပ်တူထပ်မျှနီးပါး လောင်မြိုက်ရပါတယ်။
လက်ရှိ အလုပ်အကိုင်ကတော့ ရွာတွေက နှမ်းကြဲ၊ နှမ်းရိတ်၊ ယာထွန်၊ ပေါင်းနုတ်၊ ကောက်စိုက် ငှါးတဲ့သူရှိတဲ့အခါ လိုက်ရတယ်ပြောပါတယ်။ နေ့စားခကတော့ ၁ ရက်ကို ၁ သောင်းတဲ့။ သေချာတာကတော့ ဒီခေတ် ဒီအခါကြီးထဲမှာ ငွေ ၁ သောင်းက ဓာတ်ဆီဖိုးသာသာရယ်ပါ။ ဘာမှ မလောက်ငှဘူး။ အဲဒီ တောအလုပ် တောင်အလုပ်တွေကလည်း အမြဲမရှိဘူးလို့ ပြောတယ်။ ငှါးတဲ့သူရှိတဲ့အချိန် တိုးတိုးကြိတ်ကြိတ် လိုက်ရတာမျိုး။
မိသားစုတွေ အများကြီးစုပြုံနေကြရတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုက်ရန်မဖြစ်ဖို့ကအစ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် နေနေရတဲ့ အနေအထားမျိုးပါ။ ဒီစခန်းမှာ ရေတွင်းမတူးရသေးခင်ကဆို ကန်ရေသောက်ရလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာလည်း မနည်းဘူးဆိုပဲ။
တဖြည်းဖြည်းနဲ့ နေကလည်း ထွက်အလာ၊ မီးဖိုကလည်း အရှိန်လျော့စပြုလာပါပြီ။ အဲဒီကျမှ ဖျင်ကြမ်းအင်္ကျီလက်ရှည်နဲ့ ဦးလေးကြီး တယောက်က “နေတော့ ထွက်လာပြီကွာ၊ အချမ်းတော့ ပေါ့သွားပြီ။” လို့ ပြောလာပါတယ်။
ကျနော်က ဦးလေးတို့ အနွေးထည်မပါလာကြဘူးလား၊ အရင်နှစ်တွေက ဝယ်ထားတာတွေ မရှိဘူးလားလို့ မေးတော့မှ အဲဒီစခန်းမှာ အနွေးထည်တွေ လုံလုံလောက်လောက်မရှိတာကို ပြောပြပါတယ်။
စောင်အခြေအနေကတော့ ထူထူထည်းထည်းနဲ့ နွေးမယ့်စောင်တွေက စျေးကြီးသွားကြောင်း၊ လာဝေတဲ့လူတွေလည်း မရှိသေးကြောင်း၊ ဝယ်ဖို့လည်း အလုပ်အကိုင်တွေ ပုံမှန်မရှိနေကြောင်း ပြောပြပါတယ်။ အနွေးထည်ထူထူ၊ ဆောင်းဝတ်ဦးထုပ်၊ ဂျင်းဘောင်းဘီအရှည်ဝတ်ထားပြီး ခြေအိတ်ပါစွပ်လာတဲ့ ကျနော် လိပ်ပြာမလုံတော့ပါ။
ကျနော်သိတဲ့ ကူကယ်အဖွဲ့လေးတွေ နည်းနည်း ပြောကြည့်ပါဦးမယ်ဆိုကာ ဟန်ကိုယ့်ဖို့ပြောပြီး သူတို့မြှုပ်ထားတဲ့ ထန်းပင်ပေါက်တွေ ဖုတ်စား၊ စကားခဏထပ်ပြောပြီး ကျနော် ပြန်လာခဲ့ပါတယ်။
ဒီဆောင်းရာသီအစပိုင်း နိုဝင်ဘာလလယ်ကာလမှာ ဆိုရှယ်မီဒီယာမှာရော မြေပြင်မှာပါ ဆောင်းတွင်း ကမ်ပိန်းတွေ လှိုင်လှိုင်လုပ်လာကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ စစ်ရှောင်ကူကယ် အသိုင်းအဝိုင်းတွေ၊ Fundraiser တွေ အစုံအစုံပါပဲ။
ဒီဇင်ဘာလထဲရောက်လာတော့ ဆောင်းရဲ့ အအေးဓာတ်က သိသိသာသာ ကဲလာပါပြီ။ အညာမှာ ရွာလုံးကျွတ် မီးရှို့ခံရသူတွေ၊ ကိုယ့်ရွာမှာ ပျူစောထီးတွေတပ်စွဲသွားလို့ ထွက်ပြေးခဲ့ရသူတွေ၊ စစ်ကြောင်းထိုးလာလို့ အရေးပေါ် စစ်ရှောင်နေရသူတွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ရွှေဘို၊ ဝက်လက်ဖက်မှာလည်း ရွာ ၂၀ ထက်မနည်း မီးရှို့ခံရလို့ နေရပ်စွန့်ခွါရသူတွေ ထုနဲ့ဒေး ဖြစ်နေပါတယ်။
ဒီကြားထဲ မည်းမည်းမြင်ရာ လေကြောင်းတိုက်ခိုက်ချင်တဲ့ စစ်ဘီလူးတွေကြောင့်လည်း ထိတ်တလန့်လန့် ဖြစ်နေကြရသေးတယ်။
အညာဆောင်းက ပီပီသသအအေးကဲနေသလို စစ်ပွဲကလည်း ပီပီသသအရှိန် အဟုန်မြင့် လာနေပါတယ်။ တဆက်တည်းမှာလည်း ချမ်းချမ်းစီးစီး စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့စောင် ပြဿနာဟာ ရုပ်လုံးပေါ်လာပါပြီ။
စစ်ပွဲဧရိယာထဲက စစ်ဘေးဒုက္ခသည်တွေအတွက် စောင် ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်လောက် ကောင်းပါရဲ့။