PDF ယာယီစခန်း ရုတ်တရက် ဝိုင်းပစ်ခံရလို့ ပစ္စည်းအချို့ဆုံးရှုံး

0 5
0 5

မကွေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗိုလ်မထားတပ်ဖွဲ့)ရဲ့ စခန်းငယ်တခုကို စစ်ကောင်စီအင်အား ၂၀၀ လောက်နဲ့ ဝိုင်းပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနေ့က မနက် ၅ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ကာ ရုတ်တရက် ဝင်စီးခဲ့တာဖြစ်ပြီး အရေးကြီးတဲ့ ပစ္စည်းအနည်းငယ်ကိုသာယူပြီး ကိုယ်လွတ်ရုန်း ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက လာမှန်းကို မသိရတာ။ စခန်းနားကို ညကပ်တာ။ ကင်းပုန်းယူပြီး လက်နက်ကြီးနဲ့ ပထမတချက်ထုတော့ ရဲဘော်တွေက အသံမိုင်း Error တက်ပြီး ကွဲတယ်ထင်တာ။ နောက်တချက်ကျ စခန်းဘေးကိုကျတာ။ အဲ့ချိန်မှ ကိုယ့်အနီးနားရှိတဲ့ပစ္စည်းလေးတွေ ဆွဲပြီးပြေးရတာ။ လုံးဝ စခန်းကိုကောင်တာထောက်ပြီးပစ်တာ။ ရွာတွေကိုလည်း မဝင်ဘူး။ စခန်းကိုတိုက်ရိုက်လာတာ။” လို့ ရဲဘော်တဦးက ပြောပါတယ်။

ယာယီစခန်းငယ် စီးနင်းခံရလို့ ဖုန်းတချို့နဲ့ ပစ္စည်းအနည်းငယ်ဆုံးရှုံးခဲ့ပေမယ့် ရဲဘော်တွေကတော့ လွတ်မြောက်ခဲ့ပြီး လမ်းပြဒလန်ပါလာတယ်လို့ ကနဦး ယူဆထားကြကာ အသေးစိတ်ကတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပခုက္ကူက BPI စစ်တပ်မြင်းမွေးမြူရေးစခန်း တိုက်ခိုက်ခံရပြီးနောက် ရွာစဉ်ပတ်စစ်ကြောင်းထိုးနေတဲ့အဖွဲ့ဖြစ်ပြီး ပခုက္ကူကနေ ဆိပ်ဖြူဘက်ကိုကူးကာ စခန်းကိုဝင်စီးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အခုလက်ရှိ စခန်းနားက ရွာတွေမှာပဲ ရှိနေသေးတဲ့အတွက် စခန်းကို ပြန်မကပ်နိုင်သေးသလို၊ ပျက်စီးဆုံးရှုံးမှု အတိကျကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ၁၀ နာရီဝန်းကျင်ကလည်း ထမ္မကောက်ရွာ အ.ထ.က စာသင်ကျောင်းနားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီကင်းပုန်းတွေနဲ့ ဘန်ကာတွေနားကို ဗုံးသီး ၈ လုံးကြဲချခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတွေများခဲ့တယ်လို့ မျက်မြင်တွေတဲ့ ပြည်သူတွေရဲ့ ပြောစကားအရ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။