ကျူးလွန်သူတပ်ဖွဲ့ဝင်တွေကို ပြင်းပြင်ထန်ထန်အရေးယူပြီး MOD စစ်ဆေးမှုတွေကိုခံယူမယ်လို့ တပ်ရင်း ၁၅ ပြော
မြတ်
မြေလတ်အသံ၊ ဇူလိုင် ၁၀၊ ၂၀၂၅။
ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေနဲ့ဖမ်းဆီးခံရတဲ့ယာဥ်မောင်းရဲ့ ထွက်ဆိုချက်မှာပါတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းကနေရာကို ဆားလင်းကြီးမြို့နယ်ပကဖအဖွဲ့တွေ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ယင်းမာပင်ခရိုင်ပကဖရဲ့ ညွှန်ကြားချက်အရ ဒီကနေ့ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းမှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတယ်ဆိုတဲ့ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာအနီးကအဆောက်အဦထံ ပကဖတပ်ဖွဲ့တွေက သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
” ဒီအချိန်မှတော့ ဘာရှိတော့မှာလဲဗျာ။ဘာမှမတွေ့ခဲ့ဘူး” လို့ ဆားလင်းကြီးမြို့နယ်ပကဖအဖွဲ့နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
PDF တပ်ဖွဲ့ဝင် ၃ ဦး၊ ယာဥ်မောင်း ၂ ဦး လိုက်ပါလာပြီး မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ ဟိုင်းလပ်အမျိုးအစားကား ၂ စီးကို ဇူလိုင် ၈ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း ဖမ်းဆီးရမိထားကြောင်း ဒီကနေ့မှာ Chinland Defense Force-Hakha(CDF-ဟားခါး)က ထုတ်ပြန်လာတာပါ။
အဆိုပါ မူးယစ်ဆေးဝါးတွေကို ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်းမှူးထောက်ခံစာနဲ့ သယ်ဆောင်လာတာဖြစ်ပြီး စိတ်ကြွမူးယစ်ဆေးပြား ၃ သန်းခန့်၊ နံပါတ်ဖိုး ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ် ၂ လက်၊ mini Starlink (အင်တာနက်စက်) ၂ ခုတို့နဲ့အတူ ဖမ်းမိထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ တပ်ဖွဲ့ဝင် ကိုဇော်နောင်၊ ဆားလင်းကြီးမြို့နယ်၊ ရွှေကြက်သွန်ကျေးရွာပကဖအဖွဲ့ဝင် ခင်ဇော်ဟိန်း၊ ကြားကာလပညာရေးကျောင်း CBE 29(YSO)ရဲ့ကျောင်းအုပ် ကိုအာကာဖြိုး(ယခင်ပခုက္ကူခရိုင်တပ်ရင်း-၁၀)၊ ယာဥ်မောင်း ကိုကျော်ဟိန်းနဲ့ ယာဥ်နောက်လိုက် ကိုဝေမိုးအောင် တို့ဖြစ်ပြီး အထက်ပါမူးယစ်ဆေးတွေကို ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာအနီး အဆောက်အဦတခုကနေ တင်ဆောင်လာတာလို့ ယာဥ်မောင်းဖြစ်သူက ထွက်ဆိုထားကြောင်း CDF ဟားခါးက ရုပ်သံဖိုင်နဲ့ပြောဆို ထုတ်ပြန်ထားပါတယ်။
ဆားလင်းကြီးမြို့နယ်ဒေသခံတွေကတော့ ဆားလင်းကြီးမြို့နယ်ဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ အခြေစိုက်ထားတဲ့နယ်မြေဖြစ်သလို ဖမ်းဆီးခံရတဲ့ ရဲဘော်ကို ဇော်နောင်ဟာ တပ်ရင်း ၁၄ တပ်ဖွဲ့ဝင် ဖြစ်ကြောင်း အတည်ပြုပါတယ်။
“ပစ္စည်းသွားပို့စရာရှိတယ်လို့ ပြောသွားတာ။ ဘာပစ္စည်းလည်းတော့မသိရဘူး။ မကြာခဏလည်း ဒီဘက်ကနေ ရခိုင်နဲ့ချင်းဘက်ကို ဒီကနေမကြာခဏပစ္စည်းသွားပို့တယ်” လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ Salagyi Speical Task Force(SSTF) အနေနဲ့ မူးယစ်ဆေးသယ်ဆောင်မှုမှာ ပါဝင်ပတ်သတ်နေတဲ့ တပ် ရင်း ၁၄၊ ၁၅ တပ်ဖွဲ့ဝင်တွေကို အပြည့်အဝတာဝန်ယူဖြေရှင်းမှာဖြစ်ကြောင်း ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။
တပ်ရင်း ၁၅ တပ်ရင်းမှူး ကိုဖိုးသောင်းလက်မှတ်ရေးထိုးထားတဲ့ထောက်ခံစာနဲ့ တပ်ဖွဲ့ဝင် ၄ ဦး၊ သေနတ် ၂ လက်၊ ကား ၂ စီးကို ဖောက်ခွဲရေးယမ်းပစ္စည်းတွေ သယ်ယူဖို့ ခွင့်ပြုခဲ့တာမှန်ပေမယ့် မူးယစ်ဆေးဝါးသယ်ဆောင်တာဟာ တပ်ဖွဲ့ဝင်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ကြောင်း၊ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တပ်ရင်း ၁၅ အနေနဲ့လည်း စုံစမ်းမှုတွေလုပ်ဆောင်နေကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း လိုက်လံဖမ်းဆီးကာ ထိရောက်တဲ့ပြစ်ဒဏ်တွေပေးအပ်မှာဖြစ်တဲ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေကိုလည်း ခံယူမှာဖြစ်တယ်လို့ ဖြေရှင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်မှာပါဝင်နေတဲ့ တပ်ရင်း ၁၄ အနေနဲ့ တစုံတရာထုတ်ပြန်လာတာမရှိသေးဘဲ လက်ရှိမှာ တပ်ရင်း ၁၄ တပ်ခွဲမှူး ကိုပတီး တိမ်းရှောင်နေကြောင်း ဆားလင်းကြီးနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
စာတည်း – ဟိန်းစံ