myaelatt athan

Sharing Information to the Local

ပေါက်နဲ့ပခုက္ကူအစပ်ကို လေကြောင်းနဲ့ ဗုံးအလုံး ၃၀ ကျော်ကြဲလို့ စစ်ရှောင်တွေနေရာထပ်ပြောင်းရ

ပခုက္ကူ၊ ဇူလိုင် ၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်နဲ့ပခုက္ကူမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံး ၃၀ ကျော်ကြဲချလို့ စစ်ရှောင်တွေထပ်မံနေရာပြောင်းရွှေ့နေရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ထံက သိရပါတယ်။

ဇူလိုင် ၇ ရက် ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်ကနေ ၉ နာရီ ၅၀ မိနစ်အချိန်အတွင်း ကမ္မ-ရေပြာလမ်းပိုင်းဘေးရှိ ပခုက္ကူမြို့နယ်၊ သစ်ဘလူကုန်းနဲ့ ပေါက်မြို့ နယ်၊ ထောက်ရှာပင်ရွာအနီးဝန်းကျင်တဝိုက်ကို ဗုံးအလုံး ၃၀ ကျော်ကြဲချခဲ့တာလို့ ဆိုပါတယ်။

“လူထိခိုက်ဘာညာတော့မကြားဘူး။ ချတဲ့အလုံးက ဖိုက်တာ ၂ စီးက ၆ လုံးလောက်ရယ်၊ Y12 က ၃၃ လုံးလောက်ချတယ်။ ရွာစပ်တွေရွာတွေထဲကျတယ်။ ဗုံးကြဲခံရတဲ့နေရာတဝိုက်က စစ်ရှောင်တွေကတော့ ထပ်ရှောင်ရတာရှိတယ်”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မေလကုန်ပိုင်းမှာ ပခုက္ကူကနေ ပေါက်ဘက်ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်နဲ့ မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် ကမ္မ၊ ပခုက္ကူနဲ့ပေါက်မြို့နယ်တွေအတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ယမန်နေ့ညပိုင်းမှာ ပေါက်နဲ့ပခုက္ကူအစပ် ကျေးရွာတွေကို ဗုံးထပ်ကြဲလာတာကြောင့် ယာယီနေထိုင်နေရတဲ့ စစ်ဘေးရှောင် ၃,၀၀၀ ခန့်မှာ ထပ်မံရွှေ့ပြောင်းနေရတာပါ။

ပခုက္ကူတပ်မ ၁၀၁ ကလာတဲ့ အဆိုပါစစ်ကြောင်းဟာ ပခုက္ကူနဲ့ပေါက်မြို့နယ်အတွင်းကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေလို့ ပခုက္ကူမြို့နယ်၊ သစ်ပလွေ ကုန်း၊ သာစည်၊ နှမ်းဆီကန်၊ သံဘို၊ အင်းဘတ်၊ ပေါက်နယ်အရှေ့ပိုင်းကျေးရွာ ၃၀ ကျော်က စုစုပေါင်းဒေသခံ ၂၀,၀၀၀ ကျော်ဟာ စစ်ကြောင်း ပြန်မထွက်သေးတာကြောင့် ရက် ၄၀ ကျော်ကြာ နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းစထိုးတဲ့ မေ ၂၆ ရက်ကနေ ယမန်နေ့ ဇူလိုင် ၇ ရက်ညပိုင်းအထိ ရေပြာ-ကမ္မလမ်းတလျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀ ခန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။