ကြို့ပင်ကောက်၊ ဇွန် ၂၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူ အမျိုးသားတဦး အသတ်ခံရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ဇွန် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အသတ်ခံရသူဟာ မှန်ပင်ထူးကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ကိုမိုးဆိုသူဖြစ်ပြီး ဇွန် ၂၀ ရက် ညနေ ၄ နာရီခန့်မှာ GBK-PDF တပ်ဖွဲ့ဝင်တွေကသတ်ခဲ့တာလို့ ဆိုပါတယ်။
“အိမ်မှာ မရှင်းဘူး။ ဖမ်းခေါ်ပြီးမှ ရွာလမ်းမှာ ရှင်းလိုက်တာ။ သူကို ဒီအတိုင်းဖမ်းခေါ်လာပြီး ဓားနဲ့ပဲ ရှင်းလိုက်တာ။ “လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ခွဲမှူးရိုးမနဂါးက ပြောပါတယ်။
ကိုမိုးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖုန်းနဲ့မှတ်တမ်းရိုက်ယူကာ ကြို့ပင်ကောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီသတင်းပေးပို့တာ၊ ဒေသခံလူငယ်တွေကို PDF ဆိုပြီး သတင်းပေးဖုန်းဆက်တိုင်ကြားတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ခြိမ်းခြောက်တာတွေလုပ်ဆောင်နေတာကို ဒေသခံတွေကတိုင်ကြားလာတဲ့အတွက် စိစစ်အတည်ပြုကာ အရေးယူခဲ့တာလို့ ဆိုပါတယ်။
အသတ်ခံရပြီးနောက် အဲ့ဒီနေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းကိုလာကောက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာနေ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ကိုမြင့်လွင်ကို ပစ်ခတ်ရာသေဆုံးခဲ့သေးတယ်လို့ (GBK-PDF) ဆီက သိရပါတယ်။
စာတည်း – လင်း