စာသင်ကျောင်းနဲ့နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခံရ

0 2
0 2

မကွေး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းပေါက်ရွာကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Anonymous Special Task Force – Pauk က သတင်းထုတ်ပြန်ထားပါတယ်။

အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ထန်းပေါက်ကုန်းရွာကို ဇန်နဝါရီလ ၃၀ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက အင်အား ၆၀ နီးပါးနဲ့မီးရှို့နေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဖလံကုန်းရေနံမှော်ကို ရိက္ခာပို့လာပြီး ထန်းပေါက်ကုန်းရွာက စာသင်ကျောင်းရယ်၊ ကင်းတဲ ၂ တဲကို မီးရှို့တယ်၊ ညနေရောက်တော့ အိမ် ၅ လုံးကိုမီးရိူ့တာ၊ ကျနော်တို့က ရွာနဲ့နီးတာရယ် ရေနံတွင်းလည်းရှိတော့ မတိုက်ပဲနေတာကို အခုလိုမီးရှို့လို့ ဒေသခံအဖွဲ့တွေပေါင်းပြီး ဒရုန်းနဲ့အီနာဂါဗုံးသီး ၆ လုံးသုံးပြီးဗုံးချခဲ့တာ” လို့ Anonymous Special Task Force-Pauk အဖွဲ့မှ ရဲဘော်စင်္ကြာက ပြောပါတယ်။

ဒီစစ်ဆင်ရေးကို Anonymous Special Task Force – Pauk နဲ့ ကျေးရွာကာကွယ်ရေးတပ် − BLY က ရဲဘော်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးလောက်ထိခိုက်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါစစ်အုပ်စုဟာ ဇန်နဝါရီလ ၃၁ ရက် ဒီနေ့နေ့လယ်အထိ အဲ့ဒီကျေးရွာမှာပဲတပ်စွဲထားပြီး ရွာထဲရှိရေနံတွင်းက အဆောက်အဦတွေနဲ့ နေအိမ်တွေကိုပါမီးရှို့ခဲ့ကာ စုစုပေါင်းနေအိမ် ၄၀ ဝန်းကျင်မီးလောင်ပြာကျခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့အဖွဲ့ဟာ မြိုင်ပကဖအဖွဲ့နဲ့ပေါင်းပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်ကလည်း ပေါက်မြို့နယ်၊ ကုက္ကိုစုရွာက ပျူစောထီးတွေနဲ့စစ်ကောင်စီတပ်သားတွေကင်းပတ်နေချိန် ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။