myaelatt athan

Sharing Information to the Local

⁨ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းရုပ်သံ ၈ သောင်းကမ်ပိန်း ပြည့်မီရန် နီးကပ်လာ

0
0

မွေးနေ့အမှတ်တရစကားသံတွေ ပေးပို့ဖို့ ဒေါ်နီလာသိန်း တိုက်တွန်း

မြေလတ်အသံ၊ ဇွန် ၁၇၊ ၂၀၂၅။

ဇွန် ၁၉ ရက်မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းရုပ်သံ ၈ သောင်းနဲ့ ဂင်းနစ်စံချိန်တင်ဖို့ Suu 80 Birthday Campaign ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

လက်ရှိမှာ မွေးနေ့ဆုတောင်းရုပ်သံ ၅၂,၀၀၀ ကျော်​ရရှိထားကာ သတ်မှတ်အရေအတွက်ပြည့်မီဖို့ ရုပ်သံ ၂ သောင်းကျော်သာ လိုအပ်တော့တာဖြစ်ပြီး မွေးနေ့ဆုတောင်းရုပ်သံတွေပေးပို့တာကို ဇွန် ၁၉ ရက် UK စံတော်ချိန် ည ၁၁ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၀ ရက် မနက် ၅ နာရီ) အထိ လက်ခံသွားမယ်လို့ Suu 80 Birthday Campaign လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခြင်းမေတ္တာနဲ့ မွေးနေ့ဆုတောင်းရုပ်သံတွေ ပေးပို့ကြဖို့ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဒေါ်နီလာသိန်းကလည်း “ဒီမွေးနေ့လေးမှာ မွေးနေ့အစီအစဉ်တခုအနေနဲ့ အမေ့ရဲ့သား ကင်မ်ဦးဆောင်တဲ့ Suu 80 Birthday Campaign ကနေပြီးတော့ အမေ့မွေးနေ့ အမှတ်တရ ဆုတောင်းစကားလေးတွေ စုစည်းနေပါတယ်။ ကျမတို့ရဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး အမေ့အပေါ် ချစ်ခြင်းမေတ္တာနဲ့ အမေ့ရဲ့ မွေးနေ့အမှတ်တရလေးမှာ အားလုံးမှတ်မှတ်ရရ အမှတ်တရစကားသံလေးတွေ ပေးပို့စေချင်ပါတယ်” လို့ တိုက်တွန်းပြောဆိုပါတယ်။

အခုလို မွေးနေ့ဆုတောင်းရုပ်သံတွေ ပေးပို့တာအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့ကို ရည်ညွှန်းတဲ့ ၈၀ ဂဏန်းပါတဲ့ လှုပ်ရှားမှုတွေပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ဖိတ်ခေါ်ထားပြီး ဒီလှုပ်ရှားမှုတွေဟာ မိခင်ဖြစ်သူကိုရည်စူးလုပ်ဆောင်တာဖြစ်သလို မြန်မာနိုင်ငံရဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ မျှော်လင့်ချက်တွေအတွက် တစုတစည်းတည်း ပေါင်းစည်းခြင်းဖြစ်တယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာကတဆင့် ကင်မ်က ပြောဆိုထားပါတယ်။

အဆိုပါလှုပ်ရှားမှုအတွက် ပန်းချီကား ၈ ကား ပါဝင်ရေးဆွဲသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဒေါ်နီလာသိန်းက ဆက်ပြောပါတယ်။

“အမေစုရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ကျမလည်း အမေ့ရဲ့ မွေးကင်းစကနေပြီးတော့ အခုအသက် ၈၀ ပြည့်အချိန်အထိ အမေဖြတ်သန်းခဲ့ရတဲ့ ခရီးတလျှောက်ရဲ့ ပုံရိပ်တွေကို ကျမနှလုံးသားနဲ့ထပ်တူခံစားရင်း ပုံဖော်ဖို့ ပန်းချီကား ၈ ကား ကျမ ဖန်တီးနေပါတယ်။ ဒါဟာ အမေ့ရဲ့မွေးနေ့အမှတ်တရ၊ အမေပြန်လွတ်လာတဲ့အခါကျ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေ ခွန်အားအဖြစ် ပြောင်းယူရင်း နာမကျန်းဖြစ်နေတဲ့ကျမတို့နိုင်ငံတော်ကြီးကို ကုစားဖို့အတွက် အမေနဲ့အတူ ကျမတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံးအတူလက်တွဲပြီးတော့ ကျမတို့သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးရောက်အောင် ခရီးဆက်နိုင်ဖို့အတွက် ခွန်အားဖြစ်စေမယ့် ပုံရိပ်တွေစကားသံတွေ အမေ့ရဲ့မွေးနေ့အမှတ်တရလေးမှာ အားလုံး ပေးပို့စေချင်ပါတယ်။” လို့ ဆိုပါတယ်။

လာမယ့် ဇွန် ၁၉ ရက်မှာ အသက် ၈၀ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်အာဏာသိမ်းကတည်းက စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။