စစ်အုပ်စုကဖမ်းဆီးထားသူ ၂ ဦး တပါတ်ကြာသည်အထိအဆက်အသွယ် မရသေး

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူ ၂ ဦးဟာ ယနေ့ ဇန်နဝါရီလ ၂၄ ရက်အထိမိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်ကဖမ်းဆီးခံရတဲ့ ဘန့်ဘွေးရွာသားအသက် ၂၅ နှစ်အရွယ်ကိုခင်မောင်ဌေးနဲ့ တူဖြစ်သူအသက် ၁၆ နှစ်အရွယ်မောင်နိုင်လင်းအောင်တို့ ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့နှစ်ဦးက ဘာအဆက်အသွယ်မှမရဘူး စုံစမ်းလို့လည်းမရဘူး၊ မရှိလောက်တော့ဘူးလို့တော့ထင်တယ်။ သူတို့နဲ့အတူအဖမ်းခံရတဲ့သူတွေကတော့ တချို့ရိုက်နှက်ခံရ ဖုန်းတွေသိမ်းတာလုပ်ပြီး အဲဒီနေ့ပဲပြန်လွှတ်ပေးလိုက်တယ်” လို့ ဘန့်ဘွေးရွာသားတဦးက ပြောပါတယ်။

သူတို့နှစ်ဦးဟာဘန့်ဘွေးရွာကို ကွင်းရှောင်ဖောက်ထားတဲ့လမ်းမှာ အခြားခရီးသွားပြည်သူ ၃၀ ဦးခန့်နဲ့အတူဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဘန့်ဘွေးရွာဟာ အိမ်ခြေ ၃၅၀ ခန့်ရှိပြီး ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက စစ်တပ်ကအင်အား ၈၀ လောက်နဲ့တပ်ဝင်စွဲကာ နေအိမ် ၂၀ လုံးကိုဝင်ရောက်မီးရိူ့ပြီး အသက်၂၀အရွယ် မမာကြည်ဆိုသူအမျိုးသမီးတဦးကို ပစ်သတ်ပြီးချိန်ကစလို့ စစ်တပ်နဲ့ပူးပေါင်းတဲ့အိမ်ခြေ ၁၀ ကျော်ကလွဲပြီး ကျန်အိမ်ထောင်စု ၃၄၀ ကပြည်သူ ၁၅၀၀ လောက်ဟာ တောစပ်တွေမှာ သွားရောက်နေထိုင်နေကြရတာပါ။

ဘန့်ဘွေးကျေးရွာအတွင်း စစ်တပ်ကဝင်ရောက်တပ်စွဲထားတဲ့ တနှစ်ခွဲတာကာလအတွင်း ခုခံတိုက်ပွဲဝင်ရင်း အသက် ၂၅ နှစ်အရွယ် ပကဖအဖွဲ့ဝင်ကျေးရွာသား ၃ ဦးလည်း ကျဆုံးခဲ့သေးတယ်လို့ ဝင်္ကပါပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တဦးဆီက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။