myaelatt athan

Sharing Information to the Local

အောင်လံ စသုံးလုံးရုံးမှာ ဗုံးကွဲလို့ မြို့မရဲစခန်းကို ပြင်ပလူ ဝင်၊ထွက်ခွင့်မပြုဘဲ အချုပ်သားတွေ့ခွင့်ပါပိတ်ထား

0
0

မကွေး၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့က စစ်ကောင်စီလက်အောက်ခံ စသုံးလုံးရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောင်လံမြို့ တရော်ကုန်းရပ်ကွက်၊ ၁၆ လမ်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စသုံးလုံးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် အဲ့ဒီရုံးနဲ့ လမ်းတလမ်းဘဲခြားတဲ့ မြို့မရဲစခန်းကို ပြင်ပလူဝင်၊ ထွက်ခွင့်ပိတ်သိမ်းလိုက်ပြီး အချုပ်သားတွေနဲ့တွေ့ဆုံတာ ထမင်းပို့တာတွေပါ ပိတ်ထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

”ဗုံးကွဲတာက စသုံးလုံးရုံးမှာကွဲတာ၊ စသုံးလုံးရုံးနဲ့ ကြံ့ ခိုင်ရေးရုံးက ကပ်လျက်ဘဲ။ ဗုံးကွဲတော့ ရုံး အဆောက် အဦအမိုးတွေ လန်ကုန်တယ်လို့ သိရတယ်။ လူထိခိုက်တာတော့ မကြားဘူး။ ဗုံးကွဲတဲ့နေရာနဲ့ရဲစခန်းနဲ့ကလမ်း ၁ လမ်းဘဲခြားတယ်။ အဲ့ဒီလမ်းကလည်း ရဲစခန်းနောက်ကျောလမ်းဖြစ်နေလို့ အာဏာသိမ်းပြီးထဲက ပိတ်ထားတာ မသုံးခိုင်းဘူး။ အဲ့ဒီမှာ စသုံးလုံရုံး ဗုံးကွဲလို့တဲ့ ရဲစခန်းက အပြင်လူပေးမဝင်တော့ဘူး။ အချုပ်သားတွေ့ခွင့်လည်း ပိတ်ထားတယ်။ ထမင်းတောင် ပို့လို့မရတော့ဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့အောင်လံမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကစလို့ အောင်လံမြို့မရဲစခန်းရဲ့ပတ်လည်ကိုလည်း ဝါးဆူးချွန်တွေနဲ့ခြံစည်းရိုးနှစ်ထပ် ပြုလုပ်ပြီး အခိုင်အမာခံစစ်စခန်းပုံစံမျိုးအဖြစ် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အောင်လံမြို့ပေါ်နဲ့ ကျေးရွာတွေက ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တချို့ ပစ်သတ်ခံရမှု၊ စစ်အုပ်စုထောက်တိုင်နေရာတွေမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ တပ်ဘက်ကလည်း ရွာတွေကိုစစ်ကြောင်းထိုး ဖမ်းဆီးလုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်း အောင်လံမြို့ကို ထိန်းချုပ်နေတဲ့ ကပစ ၁၅ တပ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ကိုစစ်ဆေးမှုတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။