စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက အောင်ဇေယျကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီစခန်းကို ဒီဇင်ဘာလ ၂၆ ရက်ညနေ ၄ နာရီလောက်က အဝေးပစ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မုံရွာ – ပုသိမ်လမ်းဆုံက အောင်ဇေယျတပ်ကုန်းကို မုံရွာမြို့နယ်နဲ့ချောင်းဦးမြိုနယ်က ပျူစောထီးအင်အား ၇၀ လောက်ထောက်ပို့ထပ်ရောက်လာလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပျူတွေ ကားနှစ်စီးနဲ့တပ်ထောက်ပို့အတွက် ထပ်ရောက်လာလို့တိုက်ခိုက်ခဲ့တာပါ။ ညနေ ၄ နာရီကျော်လောက်ကနေ စပစ်ခတ်တာပါ၊ နာရီဝက်ကျော်ကြာပါတယ်။ အဝေးပစ်ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့တာပါ။ အထိအခိုက်တော့ သေချာမသိရဘူးဗျ။ အစပိုင်းတော့ပြန်ပစ်တယ်။ သူတို့စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက်ပိုင်း ပြန်ပစ်ခတ်တာတော့ မရှိတော့ဘူး” လို့ အမိတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်မင်းကိုက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ တပ်ခွဲ ၁ အမိမြေတော်လှန်ရေးတပ်ဖွဲ ( အဝေးပစ်လျှော့ဒုန်းတပ်စိပ်)နဲ့အတူ “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ မဟာမိတ်တပ်ဖွဲတို ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ ဒီဇင်ဘာလ ၂၅ရက်ကလည်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးကျေးရွာမှာတပ်စွဲထားတဲ့ စကစစခန်းကို အဝေးပစ်ရှော့ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။