မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တိုက်လေယာဥ် ၁ စီး ရုတ်တရက်စက်ချို့ယွင်းပြီး မြေပြင်ပေါ် ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။
ဇွန် ၁၀ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ လေ့ကျင့်ပျံသန်းမှုပြုလုပ်နေတဲ့ တိုက်လေယာဥ်ဟာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအရှေ့ဘက် မီတာ ၂,၀၀၀ ခန့်အကွာ စပါးစေ့ရွာအနီးမှာ စက်ချို့ယွင်းပျက်ကျခဲ့တာလို့ ဆိုပါတယ်။
ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယခုလဆန်းပိုင်းကစတင်ကာ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က လေကြောင်းနေ့စဥ်ဗုံးကြဲတိုက်ခိုက်နေတာ ၉ ရက်ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုပျက်ကျတဲ့ တိုက်လေယာဥ်ဟာ လေ့ကျင့်ပျံသန်းတဲ့တိုက်လေယာဥ်မဟုတ်ဘဲ ပုလဲနယ်ထဲက တိုက်ပွဲတွေကို လေကြောင်းကနေဗုံးလာကြဲတဲ့တိုက်လေယာဥ်ဖြစ်ပြီး မင်းတိုင်ပင်ရွာပေါ်ကနေ အနိမ့်ပျံသန်းစဥ်မှာ ပွိုင့်ဖိုက်စက်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ပျက်ကျခဲ့တာဖြစ်တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်မှာ တိုက်လေယာဥ်တစီး စက်ချို့ယွင်းမြေပြင်ပေါ်ပျက်ကျတယ်လို့ ဖော်ပြထားပြီး တိုက်လေယာဥ်အမျိုးအစားကိုတော့ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် Mi 17 ၃ စီး ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့တာကြောင့် ရွှေကူမြို့နယ် တောတောင်အတွင်း ၁ စီးပျက်ကျခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပေမယ့် အဆိုပါ ဖြစ်စဥ်မှာလည်း စစ်ကောင်စီက ရဟတ်ယာဥ်ရုတ်တရက်စက်ချို့ ယွင်းပျက်ကျတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။