11 July 2026 1:08 AM

ကပစ ၁၆ တပ်နယ်နဲ့ ကျေးရွာလုံခြုံရေးအတွက်ဆိုကာ မသုံရွာသားတွေ စစ်သင်တန်းတက်နေရ

0 2
0 2

ပန်းတောင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၁၆ နဲ့ကပ်လျက် တည်ရှိတဲ့ မသုံကျေးရွာက အမျိုးသားတွေကို လုံခြုံရေးအတွက်ဆိုကာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကပစ-၁၆တပ်နယ်မြေနဲ့ ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစတင်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား ရွာခံအမျိုးသား ၃၀ ဦးကို ပထမအသုတ်အနေနဲ့ ကျေးရွာထဲမှာ စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။

“သူတို့(စကစ)အတွက်လုံခြုံရေးပေးဖို့ ရွာသားလူငယ်တွေကို သေနတ်ဖြုတ်တပ်သင်တန်းပေးတာကို မဖြစ်မနေတက်ခိုင်းတာ တက်ကြရတယ်။ မတက်ချင်ပေမယ့် စစ်မှု့ထမ်းရတာထက်စာရင် ရွာမှာဘဲ လုံခြုံရေးအတွက်ဆိုတော့ စိတ်မပါလည်း တက်ကြရတော့တာဘဲ”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ မသုံကျေးရွာဟာ ကပစ-၁၆ နဲ့ ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်ကို လစဥ် ၁ အိမ်ထောင်လျှင်ငွေ ၂၀,၀၀၀ ကျပ်စီပေးဆောင်ထားတာကြောင့် ကျေးရွာသားတွေ စစ်မှုမထမ်းရဘဲ သီးခြားနေထိုင်ရတဲ့ကျေးရွာတရွာဖြစ်တယ်လို့ သူကဆိုပါတယ်။

“တခြားရွာတွေသာ ငွေပေးလည်းလာဆွဲရင် ပါသွားကြပေမယ့် မသုံရွာက တပ်နားရွာမို့ ဆပ်ကြေးသာပေးပြီးအေးဆေးနေရတယ်”လို့ အထက်ပါသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မသုံရွာနဲ့ ကပစ-၁၆ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစတင်ကာ ဝါးလုံးချွန်တွေနဲ့ ခြံစည်းရိုးခတ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရခိုင် – ပဲခူးနယ်စပ်၊ တောင်ကုတ် – ပန်းတောင်းလမ်းက စစ်ကောင်စီတပ်ရဲ့ ပုဂံကွဲ၊တောင်ပုံကြီးနဲ့မိုးထိတောင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

လက်ရှိမှာ သိမ်းပိုက်ခံထားရတဲ့ စခန်းတွေက တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပေါင်းပြီး ခံစစ်အခိုင်အမာပြင်ဆင်နေတဲ့ ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာစခန်းကိုလည်း အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။