ကန့်ဘလူ ခရိုင်နဲ့မြို့နယ် ပအဖတာဝန်ခံ ဦးမဲခေါင် တန့်ဆည်မှာ အဖမ်းခံ

0 7
0 7

■ ကန့်ဘလူကနေ လွတ်မြောက်သွားပြီး ရက်ပိုင်းအကြာမှာ သွားရောက် အဖမ်းခံခြင်းဖြစ်

ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပလဖအချုပ်စခန်းတခုမှာ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ စွပ်စွဲခံရပြီး ရာထူးကနေ ယာယီရပ်နားခံထားရသူ ကန့်ဘလူခရိုင်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်ဟာ တန့်ဆည်မြို့နယ် ပလဖအဖွဲ့ဆီမှာ အဖမ်းခံခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ မနေ့ နေ့လယ် ၁ နာရီလောက်က လူကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တာဖြစ်ပြီး လက်ရှိ တန့်ဆည်မှာပဲ ထိန်းသိမ်းထားကာ ကန့်ဘလူဘက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ ရှိမရှိကတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့နယ်ထဲမှာလည်း အတိုက်အခံတွေများတယ်ဆိုတော့ သူ့အတွက် အသက်အန္တရာယ် စိုးရိမ်ရလို့ ဒီမှာပဲ လာပြီးတော့ အဖမ်းခံလိုက်တယ်ပေါ့။ တရားဥပဒေဘောင်ထဲကနေ ရင်ဆိုင်မယ်ပေါ့။ သူမဟုတ်တဲ့ အကြောင်းကို၊ အထက်က ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း report တင်ထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး ဘယ်လိုညွှန်ကြားချက်မျိုးပေးမယ်လို့တော့ မသိရသေးဘူးပေါ့နော်။”လို့ အမည်မဖော်လိုတဲ့ တန့်ဆည်မြို့နယ် အဖွဲ့အစည်းတခု တာဝန်ခံက ပြောပါတယ်။

ဦးမဲခေါင်အပါအဝင် ပလဖစခန်းမှူးဟောင်း ဦးရဲရင့်၊ ပလဖ စစ်ရေးပြသင်တန်းမှူး ဦးအာကာနဲ့ ဦးရဲရင့်နေရာမှာ အစားထိုးရောက်လာတဲ့ စခန်းမှူး ဦးအောင်ဇေယျတို့ ၄ ဦးဟာ ၂၀၂၃ နဲ့ ၂၀၂၄ခုနှစ် အတွင်း ပလဖအချုပ်ခန်းတွေအတွင်း ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသူအမျိုးသမီး ၄ ဦးကို လိင်အကြမ်းဖက်မှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတာပါ။

ဖမ်းမိန့်ကျလာတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကန့်ဘလူမြို့နယ် ပလဖနဲ့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ဖမ်းဆီးချိန် ဦးမဲခေါင်နဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာ ပါဝင်သူ နောက်ထပ် ၁ ဦးဟာ အကျယ်ချုပ်အဖြစ် ထားရှိတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

ရက်ပိုင်းအကြာမှာတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာ ပါဝင်သူ ၁ ဦးက ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့တာကြောင့် လက်ရှိ ကန့်ဘလူမြို့နယ်မှာ ၃ ဦး ထိန်းသိမ်းထားပြီး ဦးမဲခေါင်ကတော့ တန့်ဆည်မြို့နယ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကန့်ဘလူဒေသခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသခံတွေကလည်း အဆိုပါ အမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးဘက်က ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်နေကြကာ ထိရောက်တဲ့ စုံစမ်းအပြစ်ပေးမှုတွေ မလုပ်နိုင်ရင် တော်လှန်ရေးအပေါ်ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကန့်ဘလူဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

“အဲ့လို ကိစ္စကိုမှ မဖြေရှင်းပေးရင် NUG ရော၊ ပြည်ထဲရေး ဦးလွင်ကိုလတ်တို့ရော ဖိအားတွေတော့ အရမ်းများလာမှာ။ ပြစ်ဒဏ်တွေဘာတွေ မချဘူး၊ ဒီတိုင်းပြီးသွားမယ်ဆိုရင်တော့ တော်လှန်ရေးပုံရိပ်လည်း တော်တော်ကျသွားမယ်။ ကန့်ဘလူနယ်မှာ တော်လှန်ရေးလုပ်ရတာ တော်တော်ခဲယဉ်းသွားမယ်။ လူထုယုံကြည်မှုကအစ တော်တော်ကို ပျက်ပြားသွားမှာ။”

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။