myaelatt athan

Sharing Information to the Local

၁၉နှစ်အရွယ်အိမ်အကူမိန်းကလေးအသတ်ခံရပြီး အိမ်ရှင်က စစ်ကောင်စီနဲ့ပေါင်းကာ အလောင်းဖျောက်ဖို့ကြိုးစား

0
0

ပဲခူး၊ သြဂုတ် ၁၆၊ ၂၀၂၂။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်မှာ ၁၉နှစ်အရွယ် အိမ်အကူအမျိုးသမီးရုတ်တရက် သေဆုံးပြီး အိမ်ရှင်က ချက်ချင်းမီးသင်္ဂြိုဟ်ကာ အလောင်းဖျောက်ဖို့လုပ်တဲ့အတွက် မသင်္ကာလို့ တိုင်ကြားပေမယ့် အရေးယူခြင်းမရှိဘဲ တံစိုးငွေလက်ခံကာ အမှုပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

“အရင် သုံးရက်လောက်ကတည်းက ရိုက်နှက်ခံနေရတဲ့ အသံတွေ ကြားနေရတာ၊ သူက အစကတည်းက အလောင်းကို လူမြင်မခံချင်တာလေ၊ Dead Body ထည့်တဲ့ အိတ်နဲ့ထည့်ထားတာ၊ နာကူက အခေါင်းရောက်တော့လည်း အိတ်လိုက်ပဲ ထည့်ထားတာ၊ အဲ့ကစပြီး မသင်္ကာကြတာ”လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

သေဆုံးသူဟာ အမျိုးသမီးငယ်ဟာ ဦးသိန်းစိုး၊ ဒေါ်ကြူကြူမြင့် တို့အိမ်က အိမ်အကူဖြစ်ပြီး ဩဂုတ်လ ၁၁ရက် ညပိုင်းက သေဆုံးပြီး နောက်နေ့ မနက်မှာ နေ့ချင်း မီးသဂြိုလ်ဖို့လုပ်တဲ့အတွက် အခင်းဖြစ်တဲ့ အိမ်ရှေ့မှာနေတဲ့ အုပ်ချုပ်ရေးမှူးက ရဲစခန်းကို လူသေမှုအဖြစ် တိုင်ကြားလိုက်တာလို့လည်း ဆိုပါတယ်။

အလောင်းစစ်ဆေးနေချိန် စခန်းမှူး ရောက်လာပြီး နာရေးချခွင့်ပြုလိုက်လို့ မြို့နယ်မှူးကို ထပ်ဆင့်တိုင်တန်းကာ ရင်ခွဲစစ်ဆေးပေမယ့် ဦးသိန်းစိုးက ရင်ခွဲရုံကိုကြိုရောက်နေပြီး ဆေးစစ်ချက်ရေးတဲ့ ဆရာဝန်တွေနဲ့ ပူးပေါင်းလိုက်တဲ့အတွက် ဦးခေါင်းတွင်းပြည်တည်၊ ကိုယ်လုံးမှာအရှိုးရာရှိတယ်ဆိုတာနဲ့ပဲ ပြီးသွားတယ်လို့ ဆိုပါတယ်။

“သူက မြို့နယ်အဆင့်မှာကျတော့ စစ်ကောင်စီနဲ့လုံးပြီး အဲ့နေ့မှာပဲ Dead Body အိတ်နဲ့ထည့်ပြီး မီးသဂြိုလ်လိုက်တယ်၊ အဲ့တာကိုမကျေနပ်တော့ အုပ်ချုပ်ရေးမှူးက G1ကို ထပ်တိုင်တယ် အဲ့မှာ ပြန်စစ်ဖို့လုပ်တော့ အလောင်းမရှိတော့ဘူးဖြစ်သွားတယ်။” လို့ ပြည်သူတဦးက ပြောပါတယ်။

သေဆုံးသူဟာ မကြူကြူလွင် (ခ) အငယ်မ အသက် ၁၉ နှစ်ဖြစ်ပြီး ၊ သေဆုံးသူအပါအဝင် ညီအစ်မ သုံးယောက်ဟာ သာယာဝတီမြို့နယ် တောရွာတစ်ခုက မိဘမရှိကြတော့ဘဲ ဦးသိန်းစိုးတို့ အိမ်မှာ အိမ်အကူအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်နေကြကာ စိတ်တိုင်းမကျတိုင်း ရိုက်နှက်တာတွေခံရတယ်လို့လည်း ဆိုပါတယ်။

ညီအမတွေကို ရုံးခေါ်စစ်ဆေးတော့လည်း အိမ်ရှင်က လက်ဝတ်ရတနာ အပြည့်ဆင်ပေးထားပြီး နှုတ်ပိတ်ထားတာကြောင့် အိမ်ရှင်ကိုကြောက်ရတဲ့အတွက် အမျိုးသမီးရောဂါနဲ့ သေဆုံးတယ်ဆိုပြီး ထွက်ဆိုချက်အမှားတွေသာ ပြောခဲ့တယ်လို့ သိရပါတယ်။

ဦးသိန်းစိုးဟာ အုပ်ချုပ်ရေးလူတန်းစားတွေနဲ့ ရင်းနှီးစွာနေထိုင်တတ်တဲ့ မြို့မျက်နှာဖုံးတဦးဖြစ်ပြီး ယခုအဖြစ်ပျက်ဟာ သွေးရိုးသားရိုးသေဆုံးမှု မဟုတ်မှန်းသိသိနှင့် စစ်ကောင်စီ အဆင့်ဆင့်က လာဘ်စားကာ အလောင်းအား မီးသင်္ဂြိုလ်ခိုင်းခဲ့တဲ့အတွက် မြို့နယ်နေ ပြည်သူလူထုတွေ ဒေါသထွက်နေကြတယ်လို့လည်းသိရပါတယ်။

အဲ့ဒီအပြင် သေဆုံးသူအမျိုးသမီးငယ်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး မဒိန်းမှုပါဖြစ်နိုင်လို့ သတင်းတွေထွက်နေပေမယ့် မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။