မွတ်စလင်များကို ပွဲစားလုပ်သည်ဟုဆိုကာ အမ်းဒေသခံတဦးကိုစစ်ကောင်စီဖမ်းဆီးသွား

0 4
0 4

မြေလတ်အသံ၊ သြဂုတ် ၉၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်းကျေးရွာမှ အမျိုးသားတဦးမှာ မွတ်ဆလင်များကို နိုင်ငံခြားသို့ တရားမဝင်လမ်းမှ ပို့ဆောင်နေသည်ဟုဆိုကာ ယနေ့ဩဂုတ် ၉ ရက်နံနက် ၁၀ နာရီကျော် အချိန်ခန့်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဦးတင်အုန်း (ခ) ဥဩ (၅၄) နှစ်ဖြစ်ပြီး၊ ၎င်းကို စစ်ကောင်စီတပ်သား ၄၀ ခန့်က ကားဖြင့် အမ်းမြို့သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ထန်းချောင်းကျေးရွာမှ ရာအိမ်မှူး ဦးသိန်းလှိုင်က မြေလတ်အသံကို ပြောသည်။

“စစ်သားတွေက ရွာကို ကားနှစ်စီးနဲ့လာကြတယ်။ ကျနော့်ကိုခေါပြီးတော့ ဥဩအိမ်ကို လိုက်ပို့ဆိုပြီးပြောတယ်။ ဥဩအိမ်ကိုရောက်တော့ သူက ကုလားတွေကို နိုင်ငံခြားကိုပို့နေတယ်ဆိုပြီး ပြောတယ်။ ဖမ်းတယ်။ ကျနော်ကတောင် သူက အဲဒီအလုပ်မလုပ်ဘူး။ကျနော်အာမခံပါတယ်လို့တောင် ပြောလိုက်သေးတယ်။ ဒါပေမဲ့မရဘူး။ စစ်သားတွေကတော့ ပြောသွားတယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီးရင်တော့ ပြန်လွတ်ပေးမယ် လို့ပြောတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားဆိုသူဖြင့်လာကြသည့် မွတ်ဆလင် ၈ ဦးကို ရန်ကုန်သို့ မရောက်မီ ဂွမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီသတင်းတွေထုတ်ပြန်သည့် ရခိုင်နေ့စဉ်က ထုတ်ပြန်ထားသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။