10 July 2026 12:16 PM

စစ်ကောင်စီတပ်သားတွေက ကားသမားတွေကို နေ့တိုင်း ဘီယာဝယ်တိုက်ခိုင်းနေတာကြောင့် စိတ်အနှောက်အယှက်ဖြစ်နေ

0 1
0 1

ပဲခူး၊ ဇွန် ၇၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်း-တောင်ကုတ် အဝေးပြေးကားလမ်းမ၌ရှိနေသည့် တမိုင်ကုန်းစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများက ခရီးသည်တင်၊ ကုန်တင်ကား သမားများကို နေ့တိုင်း ဘီယာများဝယ်ခိုင်းနေသဖြင့် ကားသမားများစိတ်အနှောက်အယှက်ဖြစ်နေရသည်ဟု သိရသည်။

ယင်းအပြင် အဆိုပါဂိတ်မှ စစ်ကောင်စီတပ်သားများက ဆန်ရိက္ခာများလည်း သယ်ယူခွင့်မပြုသလို ကားသမားများ ကိုလည်း ဆဲဆိုမှုများပြုလုပ်နေသည်ဟု အမ်း-တောင်ကုတ် ခရီးသည်တင်ကားပြေးဆွဲနေသည့် အမည်မဖော်လိုသည့် ကားပိုင်ရှင်တဦးက ပြောသည်။

“ မနေ့ကဆိုရင်လည်း ကျနော်တို့ ခရစ်ယာန်ကျောင်းက ပို့ခိုင်းလိုက်တဲ့ဆန်တွေ သယ်ရတယ်ဗျ။ သယ်လို့မရဘူး။ ကျနော်တို့ အပြောအဆိုခံရတယ်။ ကျနော်တို့ကားထွက်ရင်လည်း ဘီယာတွေဝယ်ခဲ့လို့ တောင်းတယ်ဗျ။ ဗိုလ်တွေကတော့ မတောင်းဘူး။ အောက်ခြေငယ်သားတွေကပဲတောင်းနေတာဗျ။ သူတို့က ဗိုလ်မသိအောင် တောင်းတာ။ ခိုးကြောင်ခိုးဝှက်တောင်းတာ။ သူတို့တောင်းတာကို ကျနော်တို့ဝယ်မလာဘူးဆိုရင် ကားပေါ်မှာ ပါလာတဲ့ဟာတွေကို ရစ်တယ်”ဟု ဆိုသည်။

၎င်းစစ်ဆေးရေးဂိတ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးတွင်ရှိကာ စစ်ကောင်စီတပ်သား၁၀ ဦးကျော်ရှိပြီး ယခုလို ပြုမှုဆောင်ရွက်နေသည်မှာ ၂ လကျော် ရှိနေပြီဖြစ်သည့်အတွက် ကားသမားများ၏ စားဝတ်နေရေးကို ထိခိုက်မှုများရှိလာနေသည်ဟု အထက်ပါ ကားပိုင်ရှင်ကပြောသည်။

“စစ်သားတွေက တယောက်က မိုင်တဲဘေကဒ်တောင်းလိုက်၊ နောက်တယောက်က ဘီယာတွေ၊ ဆေးလိပ်တွေ သူတို့လိုအပ်တာတွေကို နေ့တိုင်းလိုက်တောင်းနေတာဗျ။ အဲဒီလိုနေ့တိုင်းနေ့တိုင်းကျ‌တော့ ကျနော်တို့လည်း မဝယ်ပေးနိုင်တော့ဘူး‌လေ။ ကျနော်တို့မှာက တခါတလေ ဆီဖိုးတောင် မနည်း လိုက်ရှာနေရတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် နေ့တိုင်းစိတ်ညစ်ရတယ်။သူတို့မှာတာတွေမပါလာဘူးဆိုရင် ဂိတ်မှာအကြာကြီး ထားတာတွေကို လုပ်သေးတယ်။ ကျနော်တို့လည်း မခံစားနိုင်လို့သတင်းဌာနတွေကို ပြောပြရတာ။” ဟု ဆိုသည်။

အလားတူ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိကျေးရွာများသို့ ဆန်ရိက္ခာတင်ပို့မှုကို စစ်ကောင်စီက မေလ ၆ရက်နေ့ တွင် ပိတ်ပင်းခဲ့ပြီးနောက် ၂ပတ်ခန့်အကြာတွင် အကန့်အသတ်ဖြင့်သယ်ယူခွင့်ပြုပေးခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးတင်းမာမှုများရှိ လာနေ သည့်အတွက် စစ်ကောင်စီဖက်မှ စစ်အင်အား၊ လက်နက်အင်အားများကို မြို့နယ်အနှံ့သို့ ပို့ဆောင်နေမှုများရှိနေကြသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။