myaelatt athan

Sharing Information to the Local

မိဘတွေအပိုဝင်ငွေရအောင် ပဲကောက်ထွက်တဲ့ ၁၂ နှစ်ကလေး မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်

ရေတာရှည်၊ မတ် ၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာအနီးပဲခင်းမှာ ပဲကောက်ထွက်တဲ့ အသက် ၁၂ နှစ် ယောက်ျားလေး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်ပြတ်တောက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြှုပ်မိုင်းနင်းမိသူဟာ ကျွန်းတောကုန်းကျေးရွာနေ မူလတန်း(G 3) ကျောင်းသား မောင်ကြယ်စင်ဟိန်းဖြစ်ပြီး မတ် ၂ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ကျေးရွာအနီးပဲခင်းကိုပဲကောက်ထွက်ချိန် အင်းစပ်အနီးမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

“ကလေးက ၃ တန်းကျောင်းသားလေး။ လိမ္မာတော့ ကျောင်းအားတဲ့အချိန်မှာ မတ်ပဲ ကောက်သင်း ကောက်ပြီးတော့ ၁,၀၀၀ (ကျပ်) ရရ ၂,၀၀၀ (ကျပ်) ရရ အမေမိဘကိုပြန်ပေးတာ။ သူတို့ရွာနား မတ်ပဲကောက်တဲ့လယ်ကန်သင်းနားလေးနဲ့ အင်းနားလေးမှာ ရေဆင်းသောက်တာမှာ ထိသွားတာ။”လို့ ရေတာရှည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းနင်းမိတာကြောင့် ကလေးငယ်မှာ ခြေထောက် ၂ ချောင်းလုံး ဒူးဆစ်အောက်ဘက်ကနေ ပြတ်ထွက်သွား(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်မိသားစုက ငွေကြေးအဆင်မပြေတာကြောင့် ကျေးရွာကကူညီကားငှားကာ တောင်ငူဆေးရုံကိုပို့ဆောင်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ကလေးငယ်မိုင်းထိခဲ့တဲ့ကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ KNLA၊PDF ပူးပေါင်းတပ်တွေ ၂ ဖက်လုံး စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တာကြောင့် အဲ့ဒီမိုင်းကို ဘယ်အဖွဲ့ကထောင်တယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၀ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကံလှရွာမှာ စစ်ကျန်ဗုံးသီးအဟောင်းကို ဆော့ကစားရာကနေပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ထပ်ဆင့်ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ၁,၀၈၂ ဦး အထိ ရှိခဲ့ပြီး အဲ့ဒီထဲက ၂၉ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမ္မဂကလေးများရံပုံငွေအဖွဲ့ – UNICEF က ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။