myaelatt athan

Sharing Information to the Local

ရခိုင်စစ်ရှောင်စခန်းတချို့ မိုးမကျမီ အရေးပေါ်ပြုပြင်ရန်လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေ

0
0

မြေလတ်အသံ၊ မေ ၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ လူနေဆောင်တဲအိမ်များမှာ ပျက်စီးယိုယွင်းနေပြီဖြစ်သဖြင့် မိုးမကျမှီပြုပြင်နိုင်ရန်လိုအပ်နေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

လူဦးရေး ၃၀၀၀ ကျော်ရှိသည့် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ် ၇၂၀ ရှိသည့်အနက် ၎င်းတို့ထဲမှ ၁၂၀ ကျော်မှာ အခေါင်မိုးများ၊ အကာများ၊ မြေစိုက်တိုင်များ ဆွေးမြေ့နေပြီဖြစ်သော်လည်း မပြုပြင်နိုင်ဘဲ ရှိနေသည်ဟု စခန်းတာဝန်ခံဦးညီပုက ပြောသည်။

“ဒီစခန်းကို ဆောက်တာက ၃နှစ်ရှိပြီ။ လေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က၂၀၀ လောက်ပျက်စီးသွားတယ်။ တချို့တဝက်ပျက်စီးသွားတာဆိုရင် ကိုယ့်ဘာသာ ပြုပြင်ပြီးနေကြတယ်။ တဆောင် လုံးပျက်စီးသွားတဲ့ တဲအိမ်တွေကျတော့ မပြုပြင်နိုင်သေးဘူး။ မိုးရာသီလေ့ရောက်တော့မယ်။ ပြန်လို့ပြုပြင်နိုင်ဖို့ ငွေးကြေးအခက်အခဲရှိတယ်။ ကျနော်တို့စခန်းမှာက အခုဆိုရင်အကူအညီတွေ လုံးဝမရဘူး။” ဟု ဦးညီပုက ပြောသည်။

ပျက်စီးနေသည့်တဲအိမ်များကို ပြန်လည်ပြုပြင် နိုင်ရန်အတွက် ICRC အဖွဲ့ထံသို့ ပျက်စီးမှုစာရင်းကို တင်ပြထားသော်လည်း ၎င်းတို့ဖက်မှတစုံတရာ အကြောင်းပြန်လာခြင်း မရှိသေးဘူးဟုလည်း ဦးညီပုကဆိုသည်။

အလားတူ ‌လူဦးရေး ၁၀၀၀ ကျော်နေထိုင်သည့် မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းတွင်လည်း လူနေဆောင်တဲအိမ် အကုန်လုံးမှာ ပျက်စီး၊ ယိုယွင်းနေသည့်အတွက် ပြန်လည်ပြုပြင်နိုင်ရန် အလှူရှင်အဖွဲ့အစည်းများကို မျှော်နေရသည်ဟု စခန်းဥက္ကဌ ဦးသန်းထွန်းက ပြောသည်။

“တဲအိမ်တွေပျက်စီးတာတွေကို အသေးစား၊ အလတ်စား၊ အကြီးစား ခွဲလိုက်မယ်ဆိုရင်တော့ အသေးစားမှာအကုန်လုံးပါတယ်။ အလတ်စားမှာက တဝက်လောက်ပေါ့။ အကြီးစားပျက်စီးမှုကတော့ ဆယ်ကျော်လောက်ရှိတယ်။ မပြုပြင်နိုင်သေးတာက အလှူရှင်တွေမရှိလို့။ ပြီးခဲ့တဲ့နှစ် ကဆိုရင် ICRC က ပြုပြင်ပေးခဲ့တယ်။ ဒီနှစ်တော့ ဘယ်အဖွဲ့အစည်းက လုပ်ပေးမလဲ မသိသေးဘူး “ဟု ဦးသန်းထွန်းက ဆိုသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ ဝါးတောင်စခန်း တို့မှာလည်း တဲအိမ်ဆောင်များကို ပြန်လည်ပြုပြင် ရန်လိုအပ်နေသည်ဟု တာဝန်ခံများထံမှသိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများကို အလှူရှင် များလာရောက်မှုမရှိသည်မှာ တနှစ်ကျော်ရှိနေ ပြီဖြစ်ကြောင်း၊ လစဉ်ထောက်ပံ့ပေးနေသည့် လူ/ကယ်ပြန်ဌာနမှလည်း ထောက်ပံ့မှုမရသည်မှာ ၄ လနီးပါး ရှိလာနေပြီဟု စစ်ဘေးရှောင်များက ပြောသည်။

ယင်းကြောင့် အလုပ်လုပ်မဲ့ဖြစ်နေသည့် စစ်ဘေးရှောင်များမှာ ဆန်ရိက္ခာများအရေးပေါ်လိုအပ်နေသည်ဟု စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ဦးစိုးသိန်းက ပြောသည်။

“ကျနော်တို့မှာ အလုပ်အကိုင်လည်းမရှိ။ နေရပ်ကိုလည်း မပြန်ဝံ့သေးတော့ အလှူရှင်တွေကိုပဲ မှီခိုလို့ စားသောက်နေရတာ။ အခုကအလှူရှင်တွေ လုံးဝမရောက်တာ တော်တော်ကြာပြီ။ ဆန်တွေလည်း မရှိတော့ဘူး။ ချေးငှားပြီးစားနေရတယ်။” ဟု သူက ပြောသည်။

ယခင်က စစ်ဘေးရှောင်များကို WFP ၊ လူ/ကယ်ပြန်တို့မှ လူတဦးကို တရက်လျှင် ဆန်နှစ်ဗူးကျစီ ထောက်ပံ့ပေးခဲ့သော်လည်း ဖေဖော်ဝါရီလမှစ၍ ဧပြီလအထိ ထောက်မှုမရှိခဲ့ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ် ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။