ပြည်တွင် မီတာခများဆောင်ရန် အသံချဲ့စက်ဖြင့်အော်သလို အုပ်ချုပ်ရေးမှူးများက တအိမ်တက်ဆင်းလိုက်ပြော

0 0
0 0

ပဲခူး၊ ဇန်နဝါရီ ၂၀၊၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မီတာခများ လာဆောင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံအော်နေသလို အုပ်ချုပ်ရေးမှူးများကလည်း တအိမ်တက်ဆင်းလိုက်လံ ပြောနေကြောင်း မြို့ခံများထံကသိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်မြို့တွင်း လမ်းများသို့ အသံချဲ့စက်ဖြင့်လိုက်လံ အော်နေခြင်းဖြစ်ပြီး စစ်ကောင်စီခန့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက နေအိမ်များသို့ လိုက်လံအသိပေးနေကာ ရပ်ကွက်ရုံးများတွင် လာဆောင်နိုင်ကြောင်း ပြောဆိုကြသည်ဟု မြို့ခံများက ပြောသည်။

“ကျမတို့ရပ်ကွက်ထဲတော့ တအိမ်တက်ဆင်းကိုလိုက်ပြောနေတာ။ မီတာခတွေလာဆောင်ကြဖို့တဲ့ သူတို့ရပ်ကွက်ရုံးမှာလည်း ဆောင်လို့ရတယ်လို့ပြောနေတယ်။ တခြားရပ်ကွက်တွေတော့ မသိဘူး” ဟု မြို့ခံတဦးကပြောသည်။

မီတာခများဆောင်ရာတွင် ယခင်လများအတွက်ပါ ပေါင်းဆောင်ရမည်ဖြစ်ပြီး မီတာခများတွက်ချက်ရာတွင်လည်း နေအိမ်များရှိ မီတာများ ဓါတ်တိုင်များရှိ မီတာဗုံးများကို သေချာလိုက်လံစစ်ဆေးတွက်ချက်ခြင်းမဟုတ်ဘဲ ခန့်မှန်းတွက်ချက်နေကြသည့်အတွက် သုံးစွဲမှုထက်ပိုမိုကျသင့်နေမှုများလည်း ရှိကြောင်း မြို့ခံများထံကသိရသည်။

“မီတာခတွေက အရင်လကဟာတွေပါပေါင်းဆောင်ရမယ်ဆိုတော့ မတတ်နိုင်ဘူး။ ငွေကနည်းမှာမဟုတ်ဘူးလေ။ ကျတော်တို့ကတော့ မဆောင်နိုင်တော့ဘူး မဆောင်လို့ မီတာဖြုတ်သွားမယ်ဆိုလည်း ဖြုတ်စေတော့။ တော်တော်များများက ဆောင်နိုင်ကြမှာမဟုတ်ဘူး။ ဆောင်လည်း အခုကမီးကပေးချင်တဲ့အချိန်ပေး ပျက်ချင်တဲ့အချိန်ပျက်နေတာပဲ ရပ်ကွက်ရုံးတွေမှာလာဆောင်ကြဖို့ အိမ်တွေကိုလိုက်ပြောနေပြီ ကျတော်တို့ဆီတော့မလာသေးဘူး” ဟု မြို့ခံတဦးကပြောသည်။

လက်ရှိစစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် နှောင်းပိုင်းလများနှင့် ၂၀၂၂ ခုနှစ် ယနေ့အချိန်ထိ လျှပ်စစ်မီးအားအချိန်ပြည့်ပေးနိုင်ခြင်းမရှိဘဲ အချိန်ပိုင်းအလိုက်ပေးခြင်း၊ ပျက်ချင်သည့်အချိန်များတွင် ပျက်ခြင်းများ၊ မကြာခဏ မီးပျက်ခြင်းများကို ပြည်သူများရင်ဆိုင်နေရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။