myaelatt athan

Sharing Information to the Local

ချောင်းရေလျှံချိန် ဖြတ်မောင်းလာတဲ့ ခရီးသည်တင်ကား ချောင်းထဲထိုးကျ (ရုပ်/သံ)

တောင်သာ၊ မေ ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာအနီး မြင်းခြံ-တောင်သာခရိုင်ချင်းဆက်လမ်းပေါ်မှာ လမ်းပေါ်ရေကျော်ချိန် ဖြတ်မောင်းတဲ့ကား ချောင်းထဲကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၆ ရက်မနက် ၁၀ နာရီခန့်မှာ နတ်စောင့်ကျေးရွာအနီး ဆင်တဲဝချောင်းကို ဖြတ်သန်းရာ ကားလမ်းပေါ် ရေအမြင့် ၂ ပေကျော်ရောက်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဥ်ဟာ ရေစီးနဲ့အတူ ချောင်းထဲထိုးချခဲ့တာလို့ ဆိုပါတယ်။

“လမ်းမကျွမ်းကျင်မှုရယ်။ ရေကျော်နေတော့ အချို့ကားတွေက ထွန်စက်ခေါင်းတွေနဲ့ဆွဲပြီးသွားတာ။ ပိုက်ဆံနှမြောတာလား ကားသမားရဲ့ကျွမ်းကျင်မှုနည်းတာလား သူရှေ့က ကားတွေကထွန်စက်တွေနဲ့ ဆွဲသွားကြတာ။ တံတားလည်းကျဥ်းတော့ ရေစီးနဲ့ ချောင်းထဲကျသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကားပေါ်မှာ ခရီးသည် ၄၀ ကျော်ပါဝင်ပြီး ချောင်းထဲကိုကျချိန် ဒေသခံတွေနဲ့ အနီးအနားက ခရီးသွားပြည်သူတွေ ဝိုင်းဆယ်ကြတာကြောင့် ခရီးသည်အားလုံးထိခိုက်မှုမရှိခဲ့ဘဲ ကားကိုတော့မဆယ်ယူရသေးဘူးလို့ ဆိုပါတယ်။

တောင်သာမြို့နယ်ထဲမှာ မေ ၂၄ ရက်ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဆင်တဲဝချောင်းဖြတ်သန်းရာနေရာတွေမှာ ကားလမ်းရေကျော်တာ၊ ချောင်းအနီးဝန်းကျင်မှာ ရေလျှံတာတွေရှိနေတာပါ။

အဆိုပါလမ်းပိုင်းဟာ ယခင်ကခရီးသည်တင်ယာဥ်တွေ ဖြတ်သန်းသွားလာတာမျိုး မရှိသလောက်နည်းပြီး ပြီးခဲ့တဲ့ဧပြီလပိုင်းလောက်က နန်းမြင့်တောင် တောင်ကြားတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လမ်းပိုင်းအချို့ပိတ်ထားတဲ့အတွက် ခရီးသည်တင်ယာဥ်တွေက မိန်းလမ်းအတိုင်း သွားလာမှုနည်းသွားပြီး ကျေးရွာချင်းဆက်လမ်းတွေကိုအသုံးပြုပြီးသွားလာနေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။