myaelatt athan

Sharing Information to the Local

အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် စျေးဆိုင်များကို ငွေ ၁သိန်း မှ ၃သိန်းထိ စစ်ကောင်စီတောင်း

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။

ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အ‌ရေးနေ့ အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ စျေးဆိုင်များကို ငွေ တသိန်း မှ ငွေ သုံးသိန်းထိ စစ်ကောင်စီက တောင်းနေကြောင်း မြို့ခံများထံက သိရသည်။

အဓမ္မငွေတောင်းခံမှုတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆိုင်အချို့ကို လိုက်လံတောင်းခံနေခြင်းဖြစ်ပြီး အချို့ဆိုင်များကို အစည်းအ‌‌‌ဝေးခေါ်နေကြောင်း ဓါတ်ပုံမှတ်တမ်းများလည်း ရိုက်ယူထားကြောင်း မြို့ခံများထံကသိရသည်။

” ဆိုင်ကြီးတွေကို အဓိကတောင်းတာ မနေ့ကတည်းက ကြံ့ခိုင်ရေးအဖွဲ့ကလူတွေလည်း ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်တွေကို ဓါတ်ပုံရိုက်တယ် မဖွင့်ရင်လည်း အတင်းဖွင့်ခိုင်းတယ်။ လုံးဝမဖွင့်တဲ့ဆိုင်တွေကိုတော့ ဒီနေ့ငွေညစ်နေတယ်” ဟု မြို့ခံတဦး ကပြောသည်။

အလားတူ ခေတ္တရာမြို့သစ်အုပ်ချုပ်ရေးမှူးကလည်း ဆိုင်မဖွင့်ခဲ့သည့် ဆိုင်များကို ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူကာ စာရင်းပြုစုပြီး အထက်ကို တင်ပြနေကြောင်း မဖွင့်သည့်ဆိုင်များကိုလည်း ငွေတောင်းနေကြောင်း ‌သိရသည်။

” ဒီဘက်ကိုတော့ အခုထိ လာပြောတာမရှိသေးဘူး။ လာခေါ်မယ်လို့တော့ ကြားတယ်။ မြို့သစ်မှာတော့ အုပ်ကြီးဆိုသူက ဆိုင်တွေကို မှတ်တမ်းတွေယူ ငွေတောင်းတာတွေလုပ်နေတယ်လို့ သိရတယ်။” ဟု မြို့ခံတဦးကပြောသည်။

အသံတိတ်သပိတ် အား ပြည်မြို့ရှိ စျေးဆိုင်များစွာက ပါဝင်ပူးပေါင်းခဲ့ပြီး ယင်းနေ့မှာပင် စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်ကာ အတင်းအဓမ္မဆိုင်ဖွင့်ခိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။